ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် အခိုင်အမာအထိုင်ချထားသည့် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင် ၁၁နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရက္ခိုင်တပ်တော်(AA)အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီ၏ “တရွန်အိုင်ဗျူဟာ” နှင့် “ နှုံးဘူးဗျူဟာ” ကုန်းစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် “တရွန်အိုင်ဗျူဟာ”ကို သိမ်းပိုက်နိုင်ခဲ့ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “နှုံးဘူးဗျူဟာကုန်း” ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တစ်ရက်မျှမနားဘဲ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ လေကြောင်းပစ်ကူများရှိခဲ့ပြီး စစ်ကောင်စီတပ်မှ နှုံးဘူးဗျူဟာမှူးအပါ စစ်ကောင်စီအလောင်းနှင့် လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များကို သိမ်းဆည်းနိုင်ခဲ့ကြောင်းဆိုသည်။
လက်ရှိတွင် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တစ်ဘက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားအချိုသည် ရက္ခိုင့်တပ်တော်ကို လာရောက်တိုက်ခိုက်နေခြင်းကြောင့် နေရာချို့တွင် ရင်ဆိုင်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းနှစ်ခုဖြစ်သော တရွန်အိုင် နှင့် နှုံးဘူး စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်တိုက်ပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ပေါက်တောဘက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *