ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊၂၀၂၃
နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းမြောက် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး စေတီပုထိုး၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLAက ယနေ့ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ စကာ တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ၏ နမ့်ဆန်တပ်စခန်းနှင့် မန်တုံတပ်စခန်းမှ လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့ နှင့် မြို့နယ်ဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်လာမှုကြောင့် နမ့်မဝေါရပ်ကွက်တွင် နေအိမ်(၇)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါသည်။
ယမန်နေ့ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် အထက်မန်လွယ်ကျေးရွာအတွင်း လက်နက်ကြီး(၈)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနေအိမ်(၂)လုံးပျက်စီးကာ၊ ပန်လောကျေးရွာတွင်လည်း နေအိမ်(၇)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ကဓါတ်ပုံများနှင့်တကွ ဖော်ပြထားပါသည်။
စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နမ့်ဆန်မြို့ နမ့်မဝေါရပ်ကွက်နေ ဦးဟိန်းလတ်အား ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်းတွင်လည်း ယမန်နေ့ (၁၂း၅၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ‌ပေါင်(၅၀၀)ဗုံးဖြင့် လာရောက် ကြဲချတိုက်ခိုက်ရာ ကျေးရွာဘုန်းကြီး ကျောင်း နှင့် ဒေသခံနေအိမ်(၅)လုံး ထပ်မံထိခိုက်ပျက်စီးပြီး ဒေသခံတစ်ဦး ယာခမ်းလှိုင် ဆိုသူအား လက်နက်စထိမှန် ဒဏ်ရာရှိခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါသည်။
ဓါတ်ပုံ-TNLA

Leave a Reply

Your email address will not be published. Required fields are marked *