ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊၂၀၂၃
ထီရီးကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားမှုရှိနေပြီး ရွာသူရွာသားများက ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတောင်ဘက်ရှိ ဆောင်းနန်းခဲတွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ဒေသခံရွာသူ/သားများက ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကြ၍ ဘေးလွတ်ရာ နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“ညဘက်ဆိုရှောင်နေရတယ်။ တချို့ကမနက်မှပြန်လာကြတယ်၊ အခုရွာကလူတွေ အဝေးမှာသွားတိမ်းရှောင်နေတဲ့သူတွေလည်းရှိတယ်၊ ရွာမှာဆိုမနေရဲကြလို့လေ။ ရွာမှာ လူက(၃)ပုံ (၁)ပုံလောက်ပဲကျန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲသည်ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် တိုက်ပွဲအခြေနေ အနည်းငယ်ငြိမ်သွားပြီဖြစ်သော်လည်း လက်နက်ကြီးသံများကို မကြာခဏကြားနေရဆဲဖြစ်ပြီး ရွာထဲသို့ တိုက်ပွဲဖြစ်လာမည်ကို ရွာသားများက စိုးရိမ်နေကြကြောင်း ဆိုသည်။
“ခုလိုဖြစ်တော့ အခက်အခဲတွေက များတာပေါ့၊ ဟိုးရက်ဆိုသူများတွေ စပါးပုတ်နေတဲ့အချိန် တိုက်ပွဲထဖြစ်တော့ သူတို့ပြေးရတယ်။ တချို့ဆို့ ပြောင်းဖူးချွေနေတဲ့အချိန်မှာ ပြေးရတဲ့လူလည်းရှိတယ်။ ပြောင်းတွေဆိုလည်း ဒီတိုင်းပဲထားခဲ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကရင်နီပြည်နယ်အတွင် “၁၁၁၁ စစ်ဆင်ရေး”စတင်ပြီးနောက် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီက ဖုန်းလိုင်းများအားလုံး ဖြတ်‌တောက်ထားပြီး ယခုရှမ်း-ကယား နယ်စပ်တဝိုက်တွင်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ခံထားနေရကြောင်း ဒေသခံများက ပြောဆိုသည်။
ပုံ- ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတည်နေရာပုံ။