ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊၂၀၂၃
ကယား(ကရင်နီ)ပြည်အတွင်းရှိ တပ်မတော်သားများနှင့် ဝန်ထမ်းများအားလုံး ယနေ့တိုင်းပြည် အခက်ခဲဆုံးအခြေနေ ရောက်ရှိသည့်အချိန်တွင် စစ်ကောင်စီဘက် ရပ်တည်မည့်အစား ပြည်သူဘက်ကို ရပ်တည်ကြရန် ထပ်လောင်းတိုက်တွန်းကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၏ ဒု-ဥက္ကဌခွန်း ဘီထူးက ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှတစ်ဆင့် “ဘက်ပြောင်းရေး အစီအမံ”စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကြောင်းလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
“တပ်မတော်သားတွေဖက်ကတော့ မင်းအောင်လှိုင်ကိုကာကွယ်ဖို့၊ တပ်မတော်ရဲ့အကျိုးစီးပွားထက် အာဏာသိမ်းစစ်တပ်ရဲ့ အကျိုးစီးပွား ကိုကာကွယ်ဖို့ အရေးကလွဲလို့ ကျန်တဲ့ နိုင်ငံရဲ့ မျိုးချစ်စိတ်၊ လူမျိူးချစ်စိတ်၊ ပြည်သူရဲ့ ပံ့ပိုးမှုမရတဲ့ အချိန်မျိုးမှာ အင်မတန် ထိခိုက်ဒဏ်ရာရနေတဲ့ အခြေအနေမျိုးမှာဖြစ်ပါတယ်။ ဒီလိုသာဆက်ဖြစ်ရင်တော့ ပြည်သူတွေဖက်က မြို့ရွာတွေဖက်က ပျက်ဆီးသလို အများအားဖြင့် တပ်မတော်သားတွေရဲ့ ထိခိုက်‌သေကြေမှုကလည်း ပိုမြင့်မားလာမှာဖြစ်ပါတယ်။”ဟု ခွန်းဘီထူးက အွန်လိုင်းပေါ် တိုက်ရိုက်ထုတ်လွင့်ပြောဆိုခဲ့သည်။
ယခုလို ဆက်ဖြစ်နေရင် မြန်မာနိုင်ငံသည် ပိုမို၍ ယိုယွင်းပျက်ဆီးသော အခြေအနေမျိုးဖြစ်လာနိုင်သည့်အတွက် ယင်းအခြေအနေကို ကာကွယ်နိုင်ရန် တပ်မတော်သားနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဘက်ပြောင်းလာဖို့ CDM ပြုလုပ်လာဖို့ အထူးတလည် တိုက်တွန်းကြောင်းနှင့် အထူးသဖြင့် ကရင်နီပြည်အတွင်း ရှိနေသေးသော စွန့်ခွာနေရသည့် တပ်မတော်သားများ၊ ဝိုင်းထားခဲ့နေရသော Non-CDMများအား ယခုသတင်းစကားပါးခြင်းကို ကြားသိရှိပါက ဘက်ပြောင်းလာရန် တိုက်တွန်းကြောင်း သူက ဆက်ပြောသည်။
ကရင်နီပြည်နယ်အတွင်း တပ်စွဲတိုက်ပွဲဝင်နေကြသည့် ဘယ်တပ်ဖွဲ့မဆို ပြည်တွင်းနှင့် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများ ဖြစ်သည့်အရပ်သားပြည်သူများကို ပစ်မှတ်မထားရန်၊ စစ်သုံ့ပန်းများကို အသက်ရှင်ခွင့်ပေးရန်၊ တားမြစ်စစ်လက်နက်များအသုံးမပြုရန် စစ်ဥပဒေများကို ဘက်ပြောင်းလာသူ မည်သူမဆို လေးစားလိုက်နာသူများ ဖြစ်ရမည် ဟု ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)သည် CDM ဌာနကို ဖွဲ့စည်းထားရှိနေပြီး ဖွဲ့စည်းပြီး (၂)နှစ်ကျော်အတွင်း အောက်တိုဘာလအထိ ခိုလှုံလာကြသည့် စစ်ကောင်စီလက်အောက်ခံတပ်သား ၁၅၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *