ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ဆီဆိုင်ဈေးအနီး ကားကြိတ်နှင်းမိသည့် တိုက်ပွဲရှောင် မိသားစုမှ ကလေးငယ်တစ်ဦးသည် ဆေးကုသမှုခံယူနေရပြီး ကုသရန်စရိတ်မရှိသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း မိသားစုများထံမှ သိရသည်။
ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ဆီဆိုင်မြို့ ဈေးအနီး လမ်းမကြီးဘေးရှိ ကလေးငယ်နှင့်သူမိခင်ဈေးသုံးနေစဉ် ကားတစ်စီးသည်ကလေးငယ်အားချိတ်မိပြီး ကလေးငယ်လဲကျကာ ကလေးငယ်၏ ဝမ်းဗိုက်ကို ထပ်မံကြိတ်နှင်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်တစ်ဦးကို ကားချိတ်မိရာမှ ကြိတ်နှင်းမိသည့်ဖြစ်ပွားမှုတွင် ကားသမားက ကလေးငယ်အတွက် ယခုအချိန်ထိ တာဝန်ယူ ကုသပေးခြင်း မရှိသေးကြောင်း သိရသည်။
“အဲနေ့က သူ့အမေနဲ့ ဈေးသုံးနေတာ ကားနဲ့ချိတ်မိပြီး ကလေးကလဲသွားတော့ ကားဘီးနဲ့ ကလေး ဝမ်းဗိုက်ကို ကြိတ်မိသွားတာ ကားသမားလှည့်ကြည့်ပြီ မောင်းထွက်သွားတယ် အခုတော့ ဗိုက်ကိုခွဲစိတ်ထားတယ်”ဟု ကလေးဖခင်က ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိ တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ကလေးဆေးကုသမှုခံယူနေကြောင်း နှင့် တိုက်မိသွားသည့် ကားသမားအနေဖြင့် ကုသမှု စရိတ် ဆေးဖိုးဝါးခ အတွက် တာဝန်ယူသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
“ တိုက်သွားတဲ့သူကို ဘာအမှုမှ မဖွင့်ဘူး ကုန်ကျ စရိတ်ဘဲ ထုတ်ပေးစေချင်တယ် ကိုယ်ချင်းစာပေးစေချင်တယ် “ ဟု ကလေးဖခင်က ဆက်ပြောဆိုသည်။
အဆိုပါ ကလေးသည် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်လာသည့် တိုက်ပွဲရှောင်မိသားစုမှ ကဘေးငယ်တစ်ဦးဖြစ် ကြောင်းသိရသည်။
ယခုရက်ပိုင်းတွင်ပင် ဆေးဝါးခ သုံးသိန်းကျော်ကုန်ကျနေပြီး ၄င်းတို့မိသားစုသည်လည်း ရက်ပိုင်းအတွင်း လွိုင်ကော်မြို့မှ စစ်ရှောင်လာခြင်းဖြစ်သည့်အတွက် ငွေရေးကြေးရေး အဆင်မပြေကြောင်း သူက ဆက်ပြီး ရင်ဖွင့်ပြောဆိုသည်။