ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊၂၀၂၃
စစ်ကောင်စီတပ်၏ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်းTNLA က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နမ့်ဆန်မြိုနယ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်း နှင့် လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ပတ္တမြားစေတီပုထိုးနှင့် နမ့်မဝေါရပ်ကွက်ရှိ ဒေသခံနေအိမ် ၂ လုံးမီးလောင်၊ ၅ အိမ်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
အထက်မန်လွယ်ကျေးရွာတွင်လည်း လက်နက်ကြီး ၈ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ မိုင်းအိုက်ဇား နှင့် တာအိုက်လားတို့၏ နေအိမ်(၂)လုံးနှင့် ပန်လောကျေးရွာရှိ နေအိမ်(၇)လုံး ထိခိုက်ပျက်စီးခဲ့သည် ဟု TNLA က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နမ့်ဆန်မြို၊ နမ့်မဝေါရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံ ဦးဟိန်းလတ်အား ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုအပြင် မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် တာကူန်အီခမ်းလာ၊ တာခမ်းလှိုင်၊ တာယိုင်မောင်ထွန်း နှင့် တာညီကျော်ထူး တို၏ နေအိမ်(၅)လုံးကို ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါသည်။
လက်ရှိအချိန်ထိ စစ်ကောင်းစီတပ်နှင့် TNLA တပ်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်း နှင့် လက်နက်ကြီးများအသုံးပြုပြီး အရပ်သားများနေထိုင်ရာနေရာများကို တိုက်ခိုက်ပစ်ခိုက်မှုရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ပုံ-TNLA