ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊၂၀၂၃
အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ နှင့် ၁၂ရက်နေ့တွင် အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း AA Info Dask မှ ယနေ့ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လူနာမည်စာရင်း ၊နေရပ်နှင့်တကွ ထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု အောင်မင်္ဂလာတောင်ကုန်းရှိ စစ်ကောင်စီကင်းစခန်းမှ ပန်းမြောင်းဒေသခံ (၇)ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဒီဇင်ဘာ ၁၂ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်အောက်ခံ ရေတပ်သင်္ဘောမှ ကုလားတန်မြစ်ဝအတွင်းရှိ ပြည်သူ (၅၃)ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
“စစ်ကောင်စီက အပြစ်မဲ့ဒေသခံပြည်သူတွေကို ဒီလိုမတရားဖမ်းဆီးတာ၊ ဒါက ပြည်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်။ အကြောက်တရားလွမ်းမိုးလိုက်တာ။ ဖမ်းဆီးတဲ့သူတွေထဲမှာ သက်ကြီးရွယ်အို ၊ကလေးသူငယ်ကအစ ပါတယ်ဆိုတော့ ဒါက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ စစ်ရာဇဝတ်မှုလည်းဖြစ်တယ်။ ဒီလိုမလုပ်သင့်ဘူးပေါ့နော်။”ဟုစစ်တွေမြို့အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ကုလားတန်မြစ်ဝအတွင်း ဖမ်းဆီးခံရပြည်သူများတွင် လှေလုပ်သားများ၊ စက်လှေမောင်းသူများ၊ ဈေးသည်များ၊ ကျပန်းအလုပ်သမားများ နှင့် အထက်တန်းပြကျောင်းဆရာများလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်တွင် ဆိုထားပါသည်။
အဆိုပါ ဖမ်းဆီးခံရပြည်သူ (၆၀)ဦးတွင် အသက် ၁၃ နှစ်အရွယ်ကလေး (၂)ဦးပါဝင်ပြီး သက်ကြီးရွယ်အိုအချို့လည်း ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ဖမ်းဆီးမှုများရှိနေခြင်းကြောင့် ဒေသခံများက လုံခြုံရေးကို အဓိကစိုးရိမ်နေရသလို ပြည်သူများပြစ်မှုကျူးလွန်ခြင်းမရှိပဲ ပစ်မှတ်ထားပြီး နည်းမျိုးစုံဖြင့် ဖမ်းဆီးထောင်ချမှုရှိနေသည့်အတွက် ပြည်သူ၏ ဘဝနေထိုင်မှုသည် အဖက်ဖက်က စိုးရိမ်ကြောက်လန့်နေရကြောင်းဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *