ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ဟိုပုံးမြို့နယ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး ‌တောင်ကြီး-လွိုင်လင်သွား ကားလမ်း ပေါ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ(၁၁) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီးရှိ တောင်ကြီး-လွိုင်လင်သွား ကားလမ်းတွင် စိုင်းထွန်းလူ(ခ) စိုင်းနော်ခေး မောင်းနှင်လာသည့် HIACE မော်တော်ယာဥ်ကို ရှာဖွေစစ်ဆေးရာ ကားပေါ်၌ ‌ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၉ဒဿမ ၀၉ကီလို၊ ကက်တမင်း(၁၀၀)ဂရမ်တို့ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် စိုင်းထွန်းလူ(ခ) စိုင်းနော်ခေးအား မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
လူငယ်များအတွက် အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူး‌ရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *