ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၁၁၊၂၀၂၃
ကရင်နီပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အတွင်းရှိ စစ်ကောင်စီ၏ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNDFသတင်းနှင့်ပြန်ကြားရေးထံမှသိရသည်။
၎င်းပြည်နယ်ရဲစခန်းကို ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်ဦး(ကလလတ)နှင့် PDFတပ်ဖွဲ့များ၊အခြားတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရခွဲ ၅နာရီဝန်းကျင်အချိန်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့တိုက်ခိုက်တာကတော့ ရက်ပေါင်းများစွာ တိုက်ခိုက်ရတာဖြစ်ပါတယ်။ ဆိုတော့ ရဲစခန်းထဲမှာ စစ်တပ်တွေရော ရဲတွေရော အခိုင်အမာတပ်စွဲပြီးတော့ ခံစစ်အနေနဲ့ ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်။ သိမ်းပိုက်နိုင်တာက ဒါပြည်နယ်အဆင့်ပေါ့၊ ပြည်နယ်အဆင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဌာနတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ဟာမျိုးဖြစ်ပါတယ်”ဟုKNDF၏ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြည်နယ်ရဲအခန်းအတွင်း တပ်စွဲပြီး နေထိုင်သည့် စစ်သားများ ရဲသားများ အခိုင်အမာခုခံတိုက်ခဲ့တာကြောင့် နှစ်ဘက်စလုံးထိခိုက်မှုရှိပြီး ယင်းစခန်းကိုသိမ်းပိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အချိန် ၃ ပတ်ပေးပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်းသူကဆက်ပြောသည်။
“ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက အများကြီးပေါ့နော် ကြိုးစားပြီးတော့ ပေးဆပ်မှုတွေနဲ့အတူ ဒါဒီလိုအောင်ပွဲမျိုးကိုရခဲ့တာ ဖြစ်ပါတယ်။ လက် နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ လည်းအများကြီးသိမ်းဆည်းခဲ့မိတာပေါ့နော်၊ ဒါမဲ့ အသေးစိတ်ကိုတော့ ကျွန်တော်မကြာခင် ထုတ်ပြန်ပေးပါ့မယ်။”ဟုသူကဆက်ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်စွဲထားသောနေရာများကို တော်လှန်ရေးတပ်ပေါင်းစုများက ဆက်လက်တိုက်ခိုက်လျက်ရှိသလို ယနေ့ထိ မြို့တွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
၁၁၁၁စစ်ဆင်ရေးစတင်ရာ ၁ လပြည့်ယနေ့ထိတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ လွိုင်ကော်မြို့ကို သုံးပုံ နှစ်ပုံထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *