ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၁၀၊၂၀၂၃
ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လောကဓမ္မဈေးအနီး၌ လက်နက်ကြီးပစ်ခတ်နေပြီး ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက်အစော(၁)နာရီဝန်း ကျင်အချိန်က သီရိမင်္ဂလာဈေးတန်း မီးလောင်မှုစတင်ဖြစ်ပွားကာ နံနက် ၆ နာရီထိ မီးလောင်မှုငြိမ်းသွားကြောင်းသိရသည်။
“မီးက ဘယ်လိုစလောင်တာတော့ သေချာမသိဘူးပေါ့နော့်။ ခုလိုမီးလောင်တာ ဆုံးရှုံးမှုတွေက များတော့ ဘယ်လိုပြောရမလဲ ဝမ်းမသာနိုင်ဘူးပေါ့။ ပြီးလို့ရှိရင်လည်း ပြန်ပြင်ရရင် အများကြီး ကုန်ကျများမယ်။ စိတ်က ဝမ်းနည်းတာပေါ့။”လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
စျေးမီးလောင်ပျက်စီးရခြင်းသည် စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ဟု ဒေသခံ များကယူဆကြသည်။
ဈေးတန်းကို မီးလောင်မှုဖြစ်ပွားရာတွင် မီးငြိမ်းသတ်ရန် မီးသတ်ကားများ မရှိသလို ဒေသခံများအနေနှင့်လည်း မီးလာငြိမ်းသတ်ခြင်းပြုလုပ်မှုမရှိခြင်း ကြောင့် ဈေးတန်း အကုန်လုံးနီးပါး လောင်ကျွမ်း ခဲ့သည်။
လက်ရှိအခြေအနေထိ မီးလောင်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကို ခမ်းသားငေါဝ်းအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် လွိုင်ကော်မြို့အတွင်း လက်ရှိဒေသခံများနေထိုင်လျက်ရှိနေသေးသော လောကဓမ္မ၊ ရွှေတောင်၊ မင်္ဂလာစသည့် ရပ်ကွက်များကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။
ယနေ့ နံနက် မီးလောင်မှုဖြစ်ပွားသော သီရိမင်္ဂလာဈေးကို ၂၀၂၁ ခု၏ စာရင်းအရ ဈေးဆိုင်ခန်းစုစုပေါင်း(၁၀၆၂)ခန်းနှင့် ပျံကျဈေး (၄၀၀)ကျော်အပါ ဈေးသူဈေးသားများဦးရေ ၅၀၀ ကျော်ရောင်းချလျက်ရှိသည်။
vedio credit original

Leave a Reply

Your email address will not be published. Required fields are marked *