ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
စစ်တပ်အာဏာသိမ်းပြီး ၃နှစ်တာအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာပြီး စက်မှုဖြင့် တောင်ယာလုပ်ကိုင်သည့် တောင်သူများအခက်အခဲကြုံတွေ့ရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံအများစုသည် ပြောင်း၊ ကြက်သွန်ဖြူ၊ စပါးများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြရပြီး စိုက်ပျိုးချိန်တွင် စက်ဖြင့်ထွန်ယက်ခြင်းများ၊ စိုက်ပျိုးသီးနှံများရိတ်သိမ်းချိန် တွင် ရိတ်သိမ်းခြင်း၊ ကြိတ်ခြင်းနှင့် သယ်ယူခြင်းများတွင် ဓာတ်ဆီ ဒီဇင်ဈေးနှုန်း အလွန်မြှင့်တက်လာသဖြင့် စိုက်ပျိုးသီးနှံမှရောင်းရ ငွေများသည့် အဆိုပါစရိတ်နှင့်သာကုန်ကျပြီး ဆုံးရှုံးမှုများရင်ဆိုင်ကြုံတွေ့ရကြောင်း ဆိုသည်။
“ အရင်ကဆိုရင် ကိုယ်လုပ်သလောက် ကိုယ်ပြန်ရတယ် စားဖို့သောက်ဖို့ စုဖို့ကျန်သေးတယ်။ အခုပြောင်းဈေးကလည်း ဒီအတိုင်းပဲ။ စက်ဈေး ဆီဈေးတွေက တက်ပြီး သယ်ယူပို့ဆောင်ခ၊ သီးနှံရိတ်သိမ်းခက အရမ်းဈေးကြီးလားတော့ မကိုက်တော့ဘူး” ဟု နောင်ဒေးဒေသခံ ပြောင်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
အာဏာမသိမ်းခင်ကာလတွင် ဓာတ်ဆီ တစ်လီတာကို ၆၀၀ ကျပ်သာရှိပြီး လက်ရှိတွင် ဓာတ်ဆီတစ်လီတာကို ၄၀၀၀ ကျော် ဈေးပေါက်နေသဖြင့် သီနှံများသယ်ယူခြင်း၊ ရိတ်သိမ်းခြင်းများနှင့် အခြား အရင်းအနှီးတွင်လည်း စရိတ်မြင့်မားလာ၍ ထိခိုက်လာရကြောင်း ၎င်းက ဆက်ပြောသည်။
ယခုရက်ပိုင်းများတွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာသည့်အပြင် ဆီပြတ်လတ်မှုများလည်းကြုံတွေ့နေရကြောင်း သူက ပြောဆိုသည်။
စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူတစ်ဦးကလည်း “အချို့ဆိုရင် လောင်စာဆီ ဈေးတက်တော့ စိုက်ပျိုးရေးလုပ်တာနဲ့ ပြန်ရတာ မကိုက်တော့ သူများဆီက ပိုတ်ဆံချေးဌားရတဲ့အဆင့်ထိရှိတယ်။ ငွေကြေးလည်းတအားဖောင်းပွလာတယ် အရမ်းဒုက္ခရောက်တယ် “ဟု ပြောသည်။
ထိုအပြင် စစ်ပွဲပဋိပက္ခဖြစ်ပွါးသည့် ဒေသများတွင် ဓာတ်ဆီ တစ်လီတာကို တစ်သောင်း ကျော်အထိရောက်ရှိသည့် ဒေသရှိသလို ဆန်တစ်အိတ်ကို သိန်းဂဏန်းဖြင့် ဝယ်ယူနေရမှုလည်းရှိကြောင်း သိရသည်။