ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၃
တအာင်းဒေသရှိ PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီ၏ တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်း ရမိကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ တပ်စခန်းများသည် နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ အတွင်းရှိ ကဒိုင်းဖူးတောင်တပ်စခန်း၊ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်ရဲစခန်းတို့ဖြစ်ကြောင်းသိရသည်။
ထိုစခန်းများမှ စစ်ကောင်စီ၏ 60/80 MM လက် နက်ကြီးအပါအဝင်၊ လက်နက်(၁၉)လက်၊ ကျည်မျိုးစုံနှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
ထိုအပြင် ယနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို လည်း PSLF/TNLA မှ သိမ်းပိုက်ရရှိခဲ့ကြောင်းဆိုသည်။
နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် မနေ့ညနက်သန်းခေါင်ယံ အချိန်၌ စစ်ကောင်စီတပ်မှ Jet Fighter နှင့် (၄)ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းလည်းပြောဆိုထားသည်။
လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးကို အရှန်အဟုန်ဖော်ဆောင်နေပြီး ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF ကလည်း တအာင်းတပ်မတော် TNLA နှင့်အတူ သီပေါမြို့နယ်မှ စစ်ကောင်စီတပ်ကို အတူတိုက်ပွဲဝင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *