ခမ်းသားငေါဝ်း၊
ဒီဇင်ဘာလ ၁၁၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ အရပ်သားပြည်သူများက ကွတ်ခိုင်ရှိ MPTဆက်သွယ်ရေးရုံးရှေ့ထိလာရောက် အင်တာနက်လိုင်းအသုံးပြုနေရကြောင်း ကွတ်ခိုင်မြို့ခံအမျိုးသားတစ်ဦးထံမှသိရသည်။
နေ့တိုင်း လူဦးရေ အနည်းဆုံး ၅၀မှ ၆၀ ဝန်းကျင်ထိလိုင်းသွားရောက်အသုံးပြုကြပြီး ထိုနေရာတွင် MPTလိုင်းတစ်ခုသာရကြောင်းသိရသည်။
“သွားသွားပြန်ပြန်ပေါ့အဲ့လို၊ လိုင်းသုံးဖို့လိုပြီဆို ဒီနားပြေးလာလိုက်၊ စောင့်လိုက်၊ ခနနေကြလိုင်းလည်း Connectionပြတ် ကျသွားလိုက် အဲ့လိုဖြစ်တာလေ။ သူက MPT ဆက်သွယ်ရေးရုံးကို အဲ့ရုံးရှေ့မှာပဲရတယ်။ တခြားနေရာမရှိဘူး ဒီနေရာမှာတောင် လိုင်းကပြတ်ကျသွားတာခဏခဏပဲ၊ ဒါမဲ့ဘာဖြစ် ဖြစ်မရတာထက်စာရင်တော့ နည်းနည်းအဆင်ပြေစေတာပေါ့။”ဟု ယင်းနေရာကို အင်တာနက်လိုင်းသွားရောက်အသုံးပြုသူ မြို့ခံမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အင်တာနက်လိုင်းမိသော ယင်းနေရာ၌လည်း ကိုက်(၅၀)အဝေးပြန်ရောက်ပါက အင်တာနက်လိုင်းမှပြန်ကျသလို ဖုန်းလိုင်းပါ ပြတ်တောက်ပြတ်တောက်ဖြစ်နေကြောင်းသူကဆက်ပြောသည်။
ကွတ်ခိုင်မြို့တွင် ယခုလိုအင်တာနက်လိုင်း ဖြတ်တောက်ခံရခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုကူညီရေးအသင်းများ ပရဟိတအသင်းများစသည့် အဖွဲ့အစည်းများနှင့် ပြည်သူများအပါ အခက်အခဲဖြစ်နေစေသည်ဟုပြောသည်။
“တချို့ဘဏ်တွေလည်းပိတ်တယ်လေ၊ ကမ္ဘောဇဘဏ်ဆို ပိတ်ထားတယ်။ ကွတ်ခိုင်မြို့ခံစီးပွားရေး သမားကြီးတွေဆို မန္တလေးလောက်ဆင်းရတယ်၊ ဒီလားရှိုးလောက်တို့ကလည်း အဆင်မပြေဘူးပြောတယ်။ ဒီလိုမျိုးပဲဆက်ဖြစ်နေရင် ကျွန်တော်တို့အချိတ်အဆက်တွေအားလုံးပြတ် ပြီ၊ စီးပွားရေး မှာလည်း ကမောက်ကမဖြစ်၊ ခုက စစ်ကိုင်းတိုင်းလိုဖြစ်နေပြီ။”ဟုသူကဆက်ပြောသည်။
ကွတ်ခိုင်မြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရသည်မှာ ပြီးခဲ့သည့် စစ်ဆင်ရေးမစတင်ခင် အောက်တိုဘာလ(၁၆)ရက်နေ့ ကစပြီးယနေ့ထိဖြစ်ကြောင်း အရပ်သားပြည်သူများအနေဖြင့် ရေရှည်အတွက် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *