ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၈၊၂၀၂၃
နမ့်ခမ်းမြို့နယ် ပန်လော် နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးအပါဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
တအာင်းပြည်နယ်စစ်ဒေသ နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာနှင် ဟိုနား(ကောင်းကပ်)ကျေးရွာသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ဒီဇင်ဘာလ (၇)ရက်နေ့နံနက်ပိုင်းတွင် ပေါင်(၅၀၀)ရှိသောဗုံးဖြင့် အသုံးပြုတိုက်ခိုက်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLAက ဒီဇင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
နေအိမ်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲပြီး အသက်(၅)နှစ် လွေးအို၊ အသက်(၃၅)နှစ်မိုင်းယိုင်လေး၊ အသက်(၄၆)နှစ်တာဆွေ၊ အသက်(၅၀)မာခမ်းလီးနှင့် အသက်(၅၆)ယားဘာတို့ မိသားစုဝင်များ သေဆုံးခဲ့ရပြီး အသက်(၆)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားပါသည်။
ဒဏ်ရာရရှိသူ(၄)ဦးအနက် (၂)ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း၊ အဆိုပါည(၁၂)နာအချိန်တွင် စစ်ကောင်စီတပ်မှ နမ့်ခမ်းမြို့နယ်ရှိ ပန်လော်ကျေးရွာအတွင်းသို့ ထပ်မံဗုံးကြဲလာပြီး ‌ဒေသခံနေအိမ်(၇)လုံး ထပ်မံထိခိုက်ပျက်စီးခဲ့သည် ဟု သိရသည်။
ကျောက်မဲမြို့ အောင်မြေသာယာရပ်ကွက် (ငြိမ်းချမ်းရေးကုန်း)အတွင်းသို့ စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ(၆)ရက်နေ့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများနေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုထားသည်။
စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုများကို ဦးတည်ပြီး လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများကြောင့် “၁၀၂၇စစ်ဆင်ရေး” အတွင်း ကလေးငယ်(၁၄)ဦးအပါအဝင် ဒေသခံ(၆၀)ကျော်သေဆုံးခဲ့ရပြီး (၁၃၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါသည်။

You missed