ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊၂၀၂၃
တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အဦးများတွင် စစ်ကောင်စီတပ်က တပ်စွဲထားမှုကြောင်း စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ကာ စိုးရိမ်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ကယား(ကရနီ)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲသည့် ဥတ္တရရုံ ဘုန်းကြီးကျောင်း ၊ နောင်ယားဘုရားကျောင်းများတွင် ဘာသာရေးခေါင်းဆောင်များနှင့် စစ်ရှောင်ပြည်သူများလည်း ရှိနေကြောင်း ဒီဇင်ဘာလ ၅ ရက်မှ သိရသည်။
“အချို့လူတွေက အခြားမြို့ကိုသွားပြီး စစ်မရှောင်နိုင်လို့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာသွားပြီ စစ်ရှောင်ကြတာကို စစ်ကောင်စီတပ်က တပ်စွဲထားတော့ စစ်ရှောင်တွေအနေနဲ့ နေစရာအခက်အခဲ ဖြစ်တာပေါ့” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်ကျင့်ဝတ်များကို လိုက်နာမှုမရှိဘဲ ဘာသာရေးကျောင်း၊ ပညာရေးအဆောက်အဦး၊ ဆေးရုံးဆေးခန်းအဆောက်အဦးများတွင် ဝင်ရောက်တပ်စွဲပြီး ခံတပ်အနေဖြင့် အသုံးပြုနေကြောင်း ၄င်းက ဆက်ပြောသည်။
ထို့ပြင် jobs for kayak ကလည်း စစ်ကောင်စီတပ်သည် ဘာသာရေးအဆောက်အဦးများကို အကာကွယ်ယူနေသည့်အတွက် လွိုင်ကော်မြို့ ဥတ္တရရုံ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာများ၊စစ်ရှောင်ပြည်သူများ ရှိနေပါက ရှောင်ထွက်သွားကြရန် နှင့် ဂရုစိုက်ကြရန် သတိပေးပြောကြားထားကြောင်းသိရသည်။
လက်ရှိတွင် တစ်လေးလုံးစစ်ဆင်ရေးစတင်ချိန်မှစပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ တွင်လည်း စစ်ကောင်စီသည် ကက်သလစ်ဘုရားကျောင်းရှိ စစ်ရှောင်များ နှင့် ဘာသာရေးခေါင်းဆောင်များကို အတင်းအဓမ္မနှင်ထုတ်ပြီး တပ်စွဲခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *