ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊၂၀၂၃
တောင်ကြီး- ဟိုပုံးလမ်းမပေါ်တွင် မော်တော်ပီကယ်အဖွဲ့က ပြည်သူစီးနှင်သွားလာသည့် အိမ်စီးကားများကို လိုင်စင်စစ် ငွေညစ်မှုပြုလုပ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး- ဟိုပုံးလမ်းမပေါ် ယမန်နေ့ ဒီဇင်ဘာ(၆)ရက်နေ့ ညနေပိုင်း(၃)နာရီ အချိန်တွင် မော်တော်ပီကယ်အဖွဲ့က ပြည်သူစီးနှင်သွားလာသည့် အိမ်စီးကားများကိုတားပြီး လိုင်စင်စစ် ငွေညစ်မှုပြုလုပ်နေသဖြင့် သွားလာသည့် ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးထံမှ သိရသည်။
စီးလာသည့်ကားများကို ယာဥ်မောင်းလိုင်စင်ရှိပါသော်လည်း သွားခွင့်မပြုဘဲ ငွေ (၅၀၀၀၀) ငါးသောင်းကျပ်မှ (၁၀၀၀၀၀) တစ်သိန်းကျပ်အထိ တောင်းခံကာ ထိုထက်နည်းသည့် ပမာဏနှင့် ညှိနှိုင်း၍လည်းမရဘဲ တောင်းခံသည့်အတိုင်း ပေးဆောင်နေရကြောင်း ဆိုသည်။
“အိမ်စီးကားတွေတားတာပါ။ ယာဉ်မောင်းလိုင်စင် ပါလည်း မရဘူး။ ကိုယ်တွေ့ပါ။ တစ်သိန်းတောင်တောင်းပါတယ်၊ ငါးသောင်း နဲ့ ညှိလိုက်ရတယ်။
သုံးသောင်းပေးလည်း မရဘူး။”ဟု ကိုယ်တိုင်ကြုံ တွေ့ ပိုက်ဆံပေးရသူက အမျိုးသားတစ်ဦးကခမ်းသား‌ငေါဝ်းကို ပြောသည်။
တစ်သိန်းတောင်းတာကို ငါးသောင်းရမှလွတ်တာပါ၊ တချို့ ငွေကြေးမတတ်နိုင်သူတွေ ကျန်းမာရေး ကိစ္စသွားလာရသူတွေ ခက်ခဲပါတယ်၊ စိတ်အနှောင့်ယှက်ဖြစ်ရတယ်။ မလွဲရှောင်သာသွားနေရတာပါ။ အခုလို ဆီစျေးက ကြီးရတဲ့ထဲ မဖြစ်မနေမို့သွားလာနေရတဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ် ဟု သူက ဆက်ဆိုသည်။
မော်တော်ပီကယ်ယာဥ်ထိန်းရဲများသည် မြို့လမ်းမပေါများ နှင့် တောင်ကြီး-ဟိုပုံးလမ်းတလျောက်တွင်အကြောင်းအမျိုးမျိုးပြပြီး ရှောင်တခင်စစ်ဆေးခြင်း၊ အချိန်ပိုင်းစစ်ဆေးခြင်းများကို မကြာခဏလုပ်ဆောင်‌နေကြောင်း သိရသည်။
“ပညာပေးလုပ်ချင်ရင်လည်း မြို့ထဲ လူများနေရာမှာ လုပ်တာပိုထိရောက်ပါတယ်။ ခုဟာက ငွေတောင်းချင်လို့ မြို့ပြင်မှာ သက်သက်လုပ်မှန်း သိသာပါတယ်၊ အကျင့်ပျက်ဝန်ထမ်းတွေများရင် နိုင်ငံလည်း မကောင်းပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ ဝီးတောက်ကားများ ပြည်တွင်းထဲ မရှိစေလိုပါက ပြည်သူများစီးနင်ခြင်း မပြုစေလိုပါက နယ်စပ်၊ဆိပ်ကမ်းအဝင်များတွင် စစ်ဆေးပြီးခွင့်မပြုသင့်ကြောင်း၊ ပြည်တွင်းထဲ တင်သွင်းချိန်တွင် အခွန်တစ်ခါစားပြီး ယခုပြည်သူလက်ထဲရောက်ရှိသည့်အခါ ဝီးတောက်ဟုဆိုပြီး ငွေတောင်းခံခြင်းသည် ပြည်သူအတွက် အကြိမ်ကြိမ်အခါအခါ နစ်နာစေကြောင်း၊ ကားတစ်စီးကို အခွန်ထပ်ခါ ယူသည့် ပြည်သူ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများသည်လည်း အဂတိလိုက်စားမှု၊ အလွဲသုံးစားမှုများသာ ဆက်ကြီးထွားနေမည် ဖြစ်ကြောင်း တောင်ကြီးဒေသခံအမျိုးသားတစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။
မြို့နယ်ကျေးရွာမှ မောင်းနှင်လာသည့်ကားများနှင့် ကားသမားများကိုလည်း ကားပေါ်အတင်းဆင်းခိုင်းခြင်း၊ အထက်စီး ဆက်ဆံပြောဆိုခြင်းများလုပ်ဆောင်နေကြောင်း သွားလာသည့်ပြည်သူများပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *