ခမ်းသားငေါဝ်
ဒီဇင်ဘာ ၆၊၂၀၂၃
လောင်စာဆီဈေးနှုန်း မြှင့်တက်လာပြီးနောက် တောင်ကြီးမြိုရှိ ဓာတ်ဆီဆိုင်များတွင် အကန့်အသက်ဖြင့်ရောင်းချသဖြင့် ပြည်သူများအခက်အခဲဖြစ်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် အနီးအနားရှိကျေးရွာများတွင်လည်း လောင်စာဆီ ဈေးတက်သည့်အပြင် ဆိုင်အချို့တွင်ဆီပြတ်လပ်နေပြီး အလုံအလောက်မရရှိဘဲ အကန့်အသက်ဖြင့်သာ ရောင်းချနေကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
“ဒီမနက် BOC မှာ လူတွေပြည့်နေတော့ 95 သွားထည့်တာ မရဘူး 92 ဘဲ ရတယ်တဲ့။ ဆီမရတော့ အလုပ်အသွားအပြန်က ခက်ခဲတာပေါ့ ဓာတ်ဆီဈေးကလည်းတက် ကုန်ဈေးနှုန်းတက် အဆင်မပြေဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် 95 ဓာတ်ဆီ တစ်လီတာကို ၂၇၀၀ ကျော်ရှိနေပြီ 92 တစ်လီတာကို ၂၆၀၀ ကျပ် အထိ ဈေးမြှင့်တက်နေကြောင်း သိရသည်။
ယခု ဒီဇင်ဘာလအတွင်း ဓာတ်ဆီဆိုင်အတော်များများတွင် 95 ဓာတ်ဆီများပြတ်လတ်နေပြီး 92 ဓာတ်ဆီသာ ရောင်းချနေရကြောင်း ဆီဆိုင်တဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“ဒီလမှာ တော်တော်ဖြစ်တယ် ဆီဈေးတက်ပြီးဆိုရင် ဆီဆိုင်တွေမှာ ဆီကပြတ်ပြီး ဝယ်လို့မရတော့ဘူး “ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် တောင်ကြီးမြို့ရှိ BOC ဓာတ်ဆီဆိုင်သည် ကားတစ်စီးကို 95 ဓာတ်ဆီ ၅၀၀၀၀ (ငါးသောင်း)ကျပ်နှုန်းသာ ရောင်းချပေးကြောင်း သိရသည်။
ယမန်နေ့ညနေခင်းပိုင်တွင် တောင်ကြီးမြို့ရှိဓာတ်ဆီဆိုင်များက ဓာတ်ဆီများပြတ်လပ်သည် ဟုဆိုပြီး ကားများဆီထည့်ခြင်းကို ရောင်းချပေးခြင်းမရှိကြောင်း သိရသည်။
အခြား ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် များတွင် စစ်ကောင်စီက ကရင်နီပြည်နယ်ဘက်သို့ လောင်စာဆီများမရောက်ရှိရန်အတွက် ဒေသခံများ ဓာတ်ဆီများဝယ်ယူရာတွင် ရပ်ကွက်ထောက်ခံစာဖြင့် ဆီဝယ်ယူနေရကြောင်း ဒေသခံများက ပြောဆိုသည်။