ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်နေရပ်စွန့်ခွာပြီး လာရောက်ခိုလှုံသည့်စစ်ရှောင် ၁၂၅၀၀ ကျော် အထိရှိပြီး စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးထံမှ သိရသည်။
ညောင်ရွှေမြို့ပေါ် ရှိ စစ်ရှောင်စခန်း(၁၆)ခုနှင့်‌ ကျေးရွာဖက်ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်များအပြည့်ရှိကြောင်း သိရသည်။
” ကျွန်တော်တို့ မြို့အနေအထားနဲ့ လက်ခံနိုင် သ လောက် လက်ခံတယ်။ ဒီမနက်လည်း အများကြီး ထပ်ရောက်လာတယ်။ သူတို့က ဒီမှာ ဘယ်လောက် နေမလဲဆိုတာ မသိဘူး။ ရေရှည်ဆိုရင် စားနပ်ရိက္ခာအပိုင်း စိုးရိမ်ရတယ်” ဟု စစ်ရှောင်အရေးကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အဆိုပါ စစ်ရှောင်များ၏ ကလေးများကျောင်းတက်နိုင်ရန်လည်း စီစဉ်ပေးပြီး၊ ကျန်းမာရေးကိစ္စများကိုလည်း အရေးတယူဆောင်ရွက် ပေးနေကြောင်း သိရသည်။
ထို့ပြင် ညောင်ရွှေမြို့နယ်ကျေးရွာဖက်ရောက်သည့် စစ်ရှောင်များအတွက် အကူအညီရရှိနိုင်ရန် အခက်ခဲများစွာ ရှိသေးကြောင်း ဆိုသည်။
“ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်အကုန်လုံး ထောက်ပံ ပေးချင်ပါတယ်။ ဒါပေမယ့်ကျေးရွာဖက်ရောက်တဲ့စစ်ရှောင်ဟာ လမ်းကြောင်းလုံခြုံရေးအရ‌ရော၊ ခွင့်ပြုချက်တွေအရရော ကျွန်တော်တို့မထောက်ပံပေးနိုင်သေးတဲ့ နေရာတွေရှိတယ်။ အဲတာကို အဆင်ပြေ အောင် ပို့ပေး‌‌နိုင်အောင် ပရိဟိတသမားတွေနဲ့ ချိတ်ပြီး ကြိုးစားနေတယ်”ဟု သူက ဆက်ပြောသည်။
စစ်ရှောင်များသည် ကရင်နီပြည် လွိုင်ကော်၊ လွိုင်လင်လေး၊ မိုးဗြဲ၊ ဖယ်ခုံမြို့မှ ဒေသခံများဖြစ်ကြပြီး ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အများဆုံး ဖြစ်ကြောင်းသိရသည်။

You missed