ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၃
တအာင်းပြည်နယ်စစ်ဒေသအတွင်း ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း(၂)ခုကို တအာင်းတပ်မတော် PSLF/TNLAက ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းတီးတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်နေ့တွင် PSLF/TNLA က ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLAက ယနေ့ဒီဇင်ဘာလ(၆)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ ညနေ (၈း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု ဖော်ပြထားပါသည်။
အဆိုပါ တပ်စခန်းအတွင်း TNLA ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်က တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေးသွားခဲ့ကြကာ စစ်ကောင်စီ၏ 80/60MM လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၃ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည် ဟု သိရသည်။
အလားတူ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းဝီးတပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ ညသန်းခေါင် (၁၂:၃၀)နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဆိုသည်။
အဆိုပါ မိုင်းဝီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာ ၂ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာ ဒီဇင်ဘာ ၅ ရက်နေ့ (၁း၀၀)နာရီ အချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။
၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင် လက်နက် (၁၀) လက်၊ ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါသည်။
“၁၀၂၇စစ်ဆင်ရေး” စတင်သည့်နေ့မှ ဒီဇင်ဘာလ(၅)ရက်နေ့အထိ တအာင်းတပ်မတော် TNLAမှ စစ်ကောင်စီတပ်စခန်း(၅၃)ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAကထုန်ပြန်ထားပါသည်။
Source-TNLA