ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၃
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းကို (AA) တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ထားပါသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တရွန်းအိုင်ဗျူဟာ စခန်းကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ နံက် ၆ နာရီအချိန်မှစပြီး ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည် ၁ နာရီ ၄ မိနစ်အချိန်ထိ ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
“အားလုံးပေါင်းကတော့ ၂၁ ရက်ကြာတာပေါ့။ ဒီ တရွန်အိုင်စခန်းက ပလက်ဝရဲ့ အထက်ပိုင်းမှာတည်ရှိတဲ့ အကြီးဆုံးစခန်းပေါ့နော်၊ ရဟတ်ယာဥ်ကွင်း၂ ခုပါတဲ့ အခြေကျစစ်ဗျူဟာတစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ အရေးပါတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော်(AA)မှပြောခွင့်ရှိသူ ဦးခိုင်သုခက RFA သတင်းဌာနကိုဖြေကြားထားသည်။
စခန်းသိမ်းတိုက်ခိုက်သည့် ၂၁ ရက်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ကူခြင်းနှင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်သည့်ကြားမှ တရွန်အိုင်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ဆိုထားသည်။
ရက္ခိုင့်တပ်တော်(AA)အနေဖြင့် တိုက်ပွဲအတွင်းထိခိုက်ကျရှုံးမှုများလည်းရှိခဲ့သည်ဟုပြောထားသော်လည်း ထိခိုက်မှုဦးရေအတိအကျကိုတော့မဖော်ပြထားပေ။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ပေါက်တောမြို့တွင် ကျန်ရှိနေသေးသောစစ်ကောင်စီတပ်သားများကို ဆက်လက်ခြေမှုန်းလျက်ရှိသလို “နှုံးဘူးဗျူဟာကုန်း” ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းဆိုသည်။
ထို့ပြင် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ်ချစ်မြတ်နိုးပါက အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ် အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန်လည်း ထပ်လောင်းဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *