ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၈၊၂၀၂၃
အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုသုံးဂက်စ်(Gass)များ ပြတ်လပ်နေသဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦ်းက ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်ပြီး ဝယ်ယူရန်အခက်အခဲရှိနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
“ဟုတ်တယ်၊ ဆီ(စက်သုံးဆီ)တွေပြတ်နေတာ။ လိုင်းပေါ်တွေမှာလည်း ဆီတွေပြတ်လပ်တယ်ဆိုတဲ့ အသံတွေထွက်နေတဲ့အခါကျတော့ တစ်ချို့တွေကရှိပြီးမရောင်းတဲ့လူလည်း ပါချင်ပါမှာပေါ့”ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အင်းလေး‌ဒေသရှိ ဓာတ်ဆီကုန်သည်များမှ ရောင်းချပေးသည့်ဓာတ်ဆီဈေးသည် တစ်ဂါလံကို အနည်းဆုံး(၁၃၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိပေါက်ဈေးရှိနေကြောင်း သိရသည်။
“သူတို့ကပုံးနဲ့လာဝယ်ရင် မရောင်းပေးဘူး၊ တစ်ချို့တွေက ကိုယ်တိုင်ကားနဲ့ပဲ ဖြည့်၊ တစ်လီတာဘယ်လောက်လည်း‌တော့သိဘူး၊ ကျွန်‌တော်တို့ဘက်က တစ်သောင်းဖိုးဆိုတစ်သောင်းဖိုး၊ ဂါလံနဲ့ဝယ်ရင်တော့ ဂါလံပေါက်ဈေးအတိုင်းပေးရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
အင်းလေးဒေသတွင် သွားလာရေးအတွက် အဓိကစက်လှေများကို အသုံးပြုကြသဖြင့် စက်လှေအတွက်ဒီဇယ်များ ဝယ်ယူရန်အခက်အခဲရှိပြီး ရေပေါ်စိုက်ခင်းများအတွက် စိုက်ခင်းမှထွက်သည့်သီးနှံများကို ကုန်သည်များထံ သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်ရကြောင်း ဆိုသည်။
အင်းလေးဒေသခံတစ်ဦးကလည်း “ဒီမှာက အိမ်သုံးမီးဖိုဆောင်တွေအတွက်ဂက်စ်(Gass) ကလည်းလိုအပ်တယ်။ မီးလည်းမမှန်ဘူး၊ မီးစက်နိုးဖို့ဒီဇယ်တွေကလည်း ဝယ်လို့မရတော့ဘူး၊ မီးဖိုမှာ သုံးတဲ့ဂက်စ်(Gass) ဗူးတွေကလည်း ဝယ်လို့မရတော့ဘူး” ဟုပြောသည်။
မီးဖိုဆောင်သုံး ဂက်စ်(Gass)ဗူးများသည် ယမန်နေ့ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွင် တစ်ဗူး(၇၀၀/၈၀၀)ကျပ်သာရှိပြီး မနေ့ညနေပိုင်းတွင် တစ်ဗူး(၁၃၀၀/၁၅၀၀)ကျပ်အထိဈေးရှိကာ ဝယ်ယူ၍မရတော့ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း အခြား ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်များတွင် စစ်ကောင်စီက ကရင်နီပြည်ဘက်သို့ လောင်စာဆီများမရောက်ရှိရန်အတွက် ဒေသခံများဆီဝယ်ယူရာ၌ ရက်ကွက်ထောက်ခံစာဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *