ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊၂၀၂၃
ကျေးရွာများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားခြင်းရှိ‌နေသေးသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူများအ‌နေဖြင့် ကျေးရွာသို့ပြန်မလာရဲကြောင်း ယနေ့တွင် ဒေသခံမျိုးသားတစ်ဦးက ပြောဆိုသည်။
ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာများအတွင်း နှင့် ပြည်သူများသွားလာသည့်လမ်းမကြီးများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ပြည်သူများ ကျေးရွာသို့ပြန်မလာရဲဖြစ်ကြရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လူသွားလာများသည့်လမ်းမကြီးများ၊ စစ်ကောင်စီ တပ်စွဲအခြေချသောရွာ၏ ပတ်ဝန်းကျင်နေရာများနှင့် တပ်စခန်းအနီးအနားများတွင် မြေမြုပ်များထောင်ထားသည် ဟု ဆိုသည်။
“အဓိကတော့ အထူးသဖြင့် လူနေရပ်ကွက်တွေမှာ မြေမြုပ်မိုင်းထောင်တယ်။ လူသွားလမ်းတွေ၊ လမ်းဘေး ဝဲ ယာတွေမှာပေါ့ စစ်ကောင်စီဘက်က မိုင်းခင်းထားတာတွေရှိတယ်။ အရင်က ထိခိုက်တာမျိုးတွေ ရှိခဲ့ဖူးတယ်။ လတ်သလော ထိခိုက်တာတော့မရှိဘူး။ လူတွေရဲ့ နေအိမ်မှာ ပစ္စည်းတွေ ပြန်လာယူလို့ မရကြသေးဘူး။”ဟု KNDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိ ဒီမော့ဆိုမြို့အတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် သွားလာရာတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်သော်လည်း မြေမြုပ်မိုင်းဒဏ်မှလွတ်ကင်းရန် နှင့်ပြည်သူများအ နေဖြင့်လည်း အသက်အန္တရာယ်မထိခိုက်ရန် သတိထားသွားလာရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသည် ဒီမော့ဆိုမြို့နယ်အတွင်းမှ ဆုတ်ခွါသွားကြပြီးဖြစ်သော်လည်း မိုင်းများထောင်ထားခြင်းရှိနေသေး သောကြောင့် ဒေသခံများအနေဖြင့် ရပ်ရွာပြန်နေခြင်း၊ သွားလာလှုပ်ရှားခြင်း၊ စိုက်ခင်းများသွားခြင်းများကို စိုးရိမ်နေရကြောင်း သိရသည်။
ဒီမော့ဆိုမြို့ နှင့် မြို့နယ်ရှိကျေးရွာများအပြင် စစ်ကောင်စီတပ် သွားလာလှုပ်ရှားဖူးသည့်နေရာများ၊ တပ်စွဲထားဖူးသည့်နေရာများ နှင့် တော်လှန်ရေးတပ်ရှိသည့်နေရာများတွင် စစ်ကောင်စီတပ်က မြေမြုပ်မိုင်းထောင်ထားခြင်းရှိနိုင်ကြောင်း သူကဆိုသည်။
ဓါတ်ပုံ- ကန္တရဝတီတိုမ်း

Leave a Reply

Your email address will not be published. Required fields are marked *