ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၃
ကျောက်မဲမြို့တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်သဖြင့် ဒေသခံနေအိမ်တစ်လုံး နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း TWO က ထုတ်ပြန်ထားပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ တိလင် ၉ ရက်ကွက် ငြိမ်းချမ်းရေးကုန်းဘုရားအနီးတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ပြီး ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း Ta’ang Wonen’s Organization -TWO ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့အခြေစိုက် ခမရ( ၅၀၂) တပ်မှ ပစ်ခတ်သည့်လက်နက်ကြီးဖြစ် ကြောင်းသိရသည်။
“ဒီမနက် ၆ နာရီကတည်းကစပစ်တာ၊ တိုက်ပွဲလည်းမဖြစ်ဘူး ဟိုလျောက်ပစ် ဒီလျောက်ပစ်တာ အိမ်ပေါ်ကျသွားတယ်။ သူတို့က အသစ်ဆောက်ထားတဲ့ တိုက်အိမ်မှာ ပြောင်းအိပ်လို့ လူမထိဘူး။ ကားနဲ့အိမ်ခေါင်မိုးတွေ ထိသွားတယ် “ဟု ဒေသခံတစ်ဦးက TWO ကို ပြောခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် ယနေ့မနက်ပိုင်းတွင်လည်း ငြိမ်းချမ်းရေးကုန်းအပြင် ကြူရှောရွာ၊ ဟူးကွက်ရွာဖက်သို့လက်နက်ကြီး ဦးတည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုင်းငေါ့မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည်လည်း လွယ်ပြက်ရွာ၊ နမ့်တွေရွာ၊ ကွင်စလန်းကျေးရွာအုပ်စုဖက်သို့ လက်နက်ကြီးပစ်ခတ်ပြီး ဒေသခံများ၏ လက်ဖက်ခြံအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲကာ လက်ခင်းများပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *