ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊၂၀၂၃
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထံသို့ လာရောက်ခိုလုံရန် နာမည်စာရင်းရောက် စစ်ဘေးရှောင်နှစ်ထောင့်ငါးရာအတွက် အဓိက အခြေခံစားနပ်ရိက္ခာကူညီပေးလျက်ရှိကြောင်း PNLO၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
PNLO အနေဖြင့် မိမိတို့အခြေပြုသောဒေသအတွင်း ရောက်လာသမျှစစ်ရှောက်များအား တတ်နိုင်သလောက် အကူအညီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။
“ကျွန်တော်တို့ထံ အမည်စာရင်း ရောက်လာသမျှပေါ့။ ဘယ်လိုဖြစ်ဖြစ်အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်။ သူတို့အဆင်ပြေဖို့က အဓိက အခြေခံစားနပ်ရိက္ခာပေါ့။ ဒါတွေအဆင်ပြေဖို့ ကြိုးစားပေးနေတယ်”ဟု PNLO ဒုဥက္ကဌ ခွန်ထွန်းတင်က ခမ်းသားငေါဝ်းကိုပြောသည်။
PNLO အနေဖြင့် လက်လှမ်းမှီ ကူညီပေးနေသည်မှာစစ်ရှောင်နှစ်ထောင့်ငါးရာရှိပြီး ကျန်သည့်အချို့ကိုလည်း ဆက်ကူညီပေးရန်အစီစဥ်ရှိကြောင်းသိရသည်။
စစ်ရှောင်အတွက် နေရာကန့်သတ်ပြီး နေထိုင်သွားလာခိုင်းခြင်း၊ ဘောင်ခတ်ကန့်သတ်ထားခြင်းများ မရှိဘဲ စစ်ရှောင်များအနေဖြင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုပါလာသည့် စစ်ရှောင်အချို့ကို မိမိတို့အဆင်ပြေသည့် နေရာများသို့ နေထိုင်ခွင့်ရှိသလို ဆွေမျိုးအိမ်သို့ သွားရောက်ခိုလုံကြသည့်စစ်ရှောင်များလည်း PNLOထံ အမည်စာရင်းရောက်ပါက ကူညီပေးမှုဆောင်ရွက်ပေးခဲ့ကြောင်း၎င်းကဆက်ပြောသည်။
လက်ရှိတွင် အမည်စာရင်းပေါက်စစ်ရှောင်များကို အရေးပေါ် အဓိက စီမံပေးမှုများဆောင်ရွက်လျက်ရှိသော်လည်း ရေရှည်ကာလအတိုင်းတာတခုထိသွားပါက အကူအညီပေးရေးမှာ အခက်ခဲ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာနိုင်ကြောင်းပြောဆိုပါသည်။
ဒီဇင်ဘာ၂ ရက်နေ့၌ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဥ်၊ နောင်မွန်ဒေသအတွင်းရောက်လာသည့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ရှောင်များကို PNLO က အလှူရှင်များနှင့်ပူးပေါင်းပြီး စားနပ်ရိက္ခာဖြန့်ဝေကူညီပေးခြင်းပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ် တစ်ခုလုံးအတွင်း ကရင်နီပြည်မှ စစ်ဘေးရှောင်များ စုစုပေါင်းနှစ်သောင်းကျော်ထိရောက်ရှိလာပြီဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *