ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊၂၀၂၃
ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာသဖြင့် ဒေသခံများထိတ်လန့်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်း လေးညဆက်တိုက်ရှိပြီဖြစ်သဖြင့် ဒေသခံများက လုံခြုံရေးစိုးရိမ်ရပြီး ထိတ်လန့်နေကြကြောင်း သိရသည်။
စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအနီးတဝိုက်တွင် မကြာခန ကျရောက်ပေါက်ကွဲခြင်းကြောင့် ခြံ၊တောင်ယာာသွားလုပ်ကိုင်ရာတွင်လည်း မသွားရဲဘဲ ကြောက်နေကြရကြောင်း ဆိုသည်။
“တိုက်ပွဲက ရွှေပြည်အေးနားတစ်ဝိုက်ဘဲ ဖြစ်နေတယ် အရမ်းနီးတယ်။ ဒီဖက် ဖြစ်လာမှာကိုလည်း အရမ်းကြာက်တယ်။ခုတော့ ဘယ်သူမှ တောင်ယာကို ဝေးဝေးမသွားရဲကြ တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ၂၆ ရက်နေ့တွင် မိုင်းဖြတ်ရွာအနီး တိုက်ပွဲဖြစ်ပွားကာ ရွာသားတစ်ဦးသေနတ်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွာ တောင်ဖက်မှာ တိုက်ပွဲဖြစ်နေတာ သူများကအကုန် ရှောင်တယ်။ သူကမရှောင်တော့ ထိသွားတယ်။ခြေထောက်နဲ့ ပုခုံးထိသွားတယ်။”ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
ဗန်းမောက်ကျေးရွာသည် ဖယ်ခုံ-ပင်လောင်းနယ်စပ်တွင်ရှိပြီး စစ်ရှောင်များစွာနေထိုင်သည့်ရွာလည်းဖြစ်ကြောင်း သိရသည်။