ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၄၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း တုန်ရှမ်းဒေသရှိ စစ်ကောင်စီ တပ်စခန်း ၅ ခုကို ဒီဇင်ဘာ ၃ ရက်နေ့က MNDAA ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်မီဒီယာဖော်ပြချက်အရ သိရသည်။
ထို့အ​ပြင် မူပန်(သိန္နီ)ခရိုင်တွင်နန့်စလပ်ဗျူဟာကုန်းမှထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းပြောဆိုထားသည်။
“မူပန်(သိန္နီ)ခရိုင် လုံခြုံ‌ရေးအဖွဲ့သည် မူပန်ဒေသကိုရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ နန့်စလပ်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအကြွင်း အကျန်အဖွဲ့ဝင်(၆) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု MNDAAမှပြောဆိုထားသည်။
ထိုစစ်သုံ့ပန့်များထံမှ စိန်ပြောင်း(၁)ခု ၊ ရိုင်ဖယ်သေနတ် ၊ စက်သေနတ် ၊ ဂရန်ဒီယာ စသည့်လက်နက်မျိုးစုံနှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးOpration လုပ်ဆောင်သည်မှာ ၃၈ ရက်မြောက်ရှိပြီးဖြစ်ပြီး လက်ရှိအချိန်ထိ MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွါးလျက်ရှိကြောင်းသိရသည်။
MNDAAသည် တုန်ချိန်အပြင်ဘက် မာဟိုင်တောင် နေရာတွင် ယာယီတပ်စွဲထားသောစစ်ကောင်စီတပ် စခန်း၊ စန်းတာအိုင်တောင်အောက်ခြေတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီ တပ်စခန်း၊ တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်း တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်း(၅၂၇) စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာသိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။
MNDAAမှ စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း (၂၀၂)ခု သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပြီးချင်းရွှေ ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ (၅)မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *