ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၊ ၂၀၂၃
ပြည်သူများကိုပစ်မှတ်ထားနေသည့် စစ်ကောင်စီကိုညီနောင်မဟာမိတ်(၃)ဖွဲ့က ဆက်လက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် သတိရှိရှိသွားလာကြပါရန် ဒီဇင်ဘာလ(၂)ရက်နေ့က အထူးမှာကြားထုတ်ပြန်ထားပါသည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှစတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”သည် ဒီဇင်ဘာလ(၁)ရက် နေ့၌(၃၆)ရက်မြောက်နေ့ရှိပြီဖြစ်ပြီး အရပ်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားနေသည့် စစ်ကောင်စီတပ်အား ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည့်အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ အသိဖြင့်သွားလာလှုပ်ရှားကြရန် ညီ‌နောင်မဟာမိတ်(၃)ဖွဲ့က အထူးမှာကြားထားပါသည်။
“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း၌ ညီနောင်မဟာမိတ်အဖွဲ့များမှ သတ်မှတ်ထားသည့် စစ်ဆင်ရေးရည်မှန်းချက်များကို အပြီးသတ်အောင်ပွဲများရရှိခဲ့ကြပြီး စစ်ကောင်စီ၏စခန်းကြီးငယ်များ၊ ရဲဘက်ဆိုင်ရာစခန်းများ၊ စစ်ကောင်စီအားအထောက်အပံ့ပြုနေသော ဒေါက်တိုင်များကို တစ်ရက်မျှမရပ်မနား ဆက်လက်ချေမှုန်းလျက်ရှိကြောင်း ဆိုထားပါသည်။
စစ်ဆင်ရေး(၃၆)ရက်မြောက်နေ့တွင်လည်း ယခင်ရက်များနည်းတူ ရန်သူစခန်းအချို့နှင့် စစ်ကောင်စီလက်နက် ခဲယမ်းများနှင့် စစ်ကောင်စီတပ်သား၏ အလောင်းအမြောက်အများကိုလည်း ထပ်မံရရှိကြောင်း သိရသည်။
တအာင်းတပ်မ‌တော်(TNLA)မှ (၅)ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တအာင်းပြည်နယ် တပ်မဟာ (၁)စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို ယမန့်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၅)နာရီအချိန်၌ စစ်ကောင်စီ၏လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်နိုင်ခဲ့ကြောင်းဆိုထားပါသည်။
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီ “စဥ့်အင်ရဲစခန်း” ကိုလည်း TNLAက နံနက်(၆း၃၀)နာရီအချိန်တွင် စစ်ကောင်စီလက်အောက်ခံရဲ(၂)ဦးအပါအဝင် လက်နက်ခဲယမ်းများ အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တအာင်းပြည်နယ် တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “နမ့်ဖက်ကာစခန်း”ကို နံနက်(၆း၃၀)အချိန်တွင် TNLAမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက်(၉း၀၉)နာရီအချိန်တွင်လည်း တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် ကြူရှောကျေးရွာ၊ နမ့်ရင်ကျေးရွာနှင့် အေးရှားဝေါတိုးဂိတ်အနီး၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၄)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုထားပါသည်။
တပ်မဟာ(၆)စစ်‌ဒေသ၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအနီး၌လည်း နေ့လယ်(၁း၁၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်(၅)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ နမ့်ခမ်းမြို့နယ် လွယ်အွန်ကျေးရွာနှင့် စခန်းသစ်ကုန်းဘက်၌လည်း စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၄)ကြိမ်၊ မူဆယ်မြို့စယ်လန့်ကျေးရွာနှင့် (၁၀၅)မိုင်တပ်စခန်း၌ Jet Fighterဖြင့် (၂)ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *