ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၄၊၂၀၂၃
ရှမ်ပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ လူထုကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက် မှုအပေါ် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်သည့်အတွက် နိုင်ငံတကာမှထိရောက်စွာအပြစ်ပေးအရေးယူပေးရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)မှ တောင်းဆိုထားသည်။
စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လူထုကိုတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့ထိ ၁၂ ရက်အတွင်း အမျိုးသမီးများနှင့် ကလေး သူငယ်အပါ အရပ်သား ၂၅ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရအရပ်သား ၅၀ ဦးကျော်ရှိနေကြောင်း ယနေ့ (TPCC) ထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။
ထိခိုက်သေဆုံး ဒဏ်ရာရသည့်အရပ်သားများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ချမှုကြောင့်ဖြစ်ပြီး သီပေါမြို့နယ်အတွင်းသေဆုံးသူ အရပ်သား(၆)ဦးနှင့် (၇)ဦးဒဏ်ရာ ရခဲ့သည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ကောင်းဝိုင်း၊ခိုမုန်းနှင့် တုံဆင်းဒါန်းကျေးရွာတို့တွင်လည်း ကလေးအပါ အရပ်သား(၅)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရခဲ့သလို ကျောက်မဲမြို့အတွင်းနှင့် ကျေးရွာတို့တွင်လည်း အရပ်သား(၇)ဦးဒဏ်ရာရခဲ့ကြောင်း၎င်းက ဆိုသည်။
ထို့အပြင် နမ့်ခမ်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုနှင့် အရပ်သားပေါ် လက်နက်ဖြင်တ့မင်ပစ်သတ်မှုများကြောင့် မူဆယ်မြို့နယ်အတွင်း အရပ်သား(၆)ဦးသေဆုံးပြီး (၂၉) ဦး ထိဒဏ်ရာရခဲ့သည်ဟုဆိုသည်။
လားရှိုးမြို့အပါ ကျေးရွာများအတွင်း၌လည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးသူ(၅)ဦး၊နှင့်ဒဏ်ရာရသူ(၁)ဦးရှိကြောင်းဆိုသည်။
TPCC ၏ ကောက်ယူထားသည့်စာရင်းအရ ပထမကြိမ်ထုတ်ပြန်ထားသောတိုက်ပွဲနောက်ဆက်တွဲသတင်းသည် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာလ၂၇ ရက်နေ့မှ နိုဝင်ဘာ၂၂ရက်နေ့ထိ ကလေးသူငယ်ဦးရေ (၂၀)ကျော်အပါအရပ်သား သေဆုံးမှု (၈၀)ကျော်သေဆုံးရပြီး (၁၂၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုထားသည်။
လူနေအိမ်များ ဆေးရုံ ဆေးခန်းများ ဘုန်းတော်ကြီးကျောင်းများ စသည့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမှာလည်း စုစုပေါင်း (၂၀၀) ကျော်ရှိခဲ့ကြောင်းဖော်ပြထားသည်။