ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၀၊၂၀၂၃
ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသကို MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
MNDAA သည် စစ်ကောင်စီ၏ တာရှမ်၊ တာတွေတွေ၊ စံခေါ်ကျွမ် စခန်းငယ် များကို စတင်သိမ်းပိုက်ပြီး ကျင်ထ၊ ချင်ချိုင့်ထန် တပ်စခန်းများအားလုံးကိုလည အဆက်မပြက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းစခန်းကုန်းအပါအဝင် တပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“သမိုင်းဝင် စစ်အောင်ပွဲကြီးလို့သတ်မှတ်နိုင်သည့် အောင်မြင်မှုတစ်ခု ကို ထပ်မံဖော်ဆောင်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ၎င်းတပ်ရင်းတစ်ရင်းလုံးမှာ လက်နက်ချအလင်းဝင်လာခဲ့သည့်အတွက် ရှင်းဝမ်ဒေသတစ်ခုလုံးကို အပြက်သိမ်းပိုက်နိုင်ခဲ့သည် “ဟု MNDAA မှ ထုတ်ပြန်ထားပါသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း(၁၂၅)တစ်ရင်းလုံးက အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။
“၎င်းတပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီစကခ(၁၆)၏ စကခမှူးက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အဖွဲ့ဝင်(၁၀၀)ကျော်ကိုခေါ်ပြီး ထွက်ပြေးသွားခဲ့တယ်” ဟု MNDAA က ဖော်ပြထားပါသည်။
လက်နက်ချအလင်းဝင်လာခဲ့တဲ့ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး) ၊ ခလရ (၁၂၅)အဖွဲ့ဝင် (၉၃)ဦး ၊ စကခ(၁၆)အဖွဲ့ဝင်(၃၆)ဦး ၊ စကခ(၁၂)အဖွဲ့ဝင်(၁၄)ဦး ၊ စစ်မိသားစုဝင်(၈၆)ဦး ၊ စစ်ဆင်ရေးအကြံပေး သူ(၅)ဦး နှင့် ရဲအဖွဲ့ဝင်(၁၁)ဦး အားလုံး(၂၇၂)ရှိကြောင်း ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့်တစ်လျှောက်တွင် စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်းလုံး တတိယအကြိမ် MNDAA တပ်ထံသို့ လက်နက်ချအလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
“MNDAAအနေဖြင့်လည်း စစ်ကောင်စီကို ကိုးကန့်ဒေသမှ မောင်းထုတ်လိုသောရည်မှန်းချက်ဟာ အောင်မြင်တော့ မည်ဟု ယုံကြည်မျှော်လင့်ပါသည်”ဟု ဆိုထားသည်။
ယနေ့အချိန်ထိ စစ်ကောင်စီမှ ကုန်းကြမ်းတပ်စခန်းအား ထိန်းချုပ်ထားသည်မှာ (၂၈)နှစ်ကျော်ကြာရှိခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာန၊ ဒကစ(လောက်ကိုင်) လက်အောက်ခံ ခလရ (၁၂၅)က အမြဲတပ်စွဲထားကြောင်း သိရသည်။
ပုံ-the kokang

Leave a Reply

Your email address will not be published. Required fields are marked *