ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၅၊၂၀၂၃
“ကျွန်တော်တောင်ဖျားနေတာဗျ။ အဘိုးက ၈၀ ကျော်ပြီ၊ လူကြီးရောဂါလို့ ပြောရမလားပေါ့ နာမကျန်းဖြစ်နေပြီ၊ ကျွန်တော့်အဖေအမေ အသက် ၆၀ ကျော်နှစ်ယောက်ပါကြည့်နေရတော့ အဆင်မပြေဘူး” လို့ လွိုင်ကော်မြို့ကနေ တောလမ်းဘက်ထွက်ပြေးလာတဲ့ အမည်မဖော်လိုသူ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကရင်နီ(ကယား)ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ တစ်လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက် ယနေ့အထိ တိုက်ပွဲအရှိန်အဟုန်က တစ်နေ့ထက်တစ်နေ့ ပိုလို့ပြင်းထန်လာနေပါတယ်။
နေ့စဥ်ဆက်တိုက်ဆိုသလို တိုက်ပွဲပြင်းထန်လာပြီး နေ့ရောညပါ လက်နက်ကြီးသံ၊ ဗုံးပေါက်ကွဲသံတွေ ကြားနေရသည်နှင့်အမျှ အရပ်သားပြည်သူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ နေရပ်ကနေထွက်ခွာလာနေကြရပါတယ်။
သို့သော် ယနေ့အချိန်ထိ ထွက်လာမရသေးဘဲ လွိုင်ကော်မှာ ပိတ်မိနေသေးတဲ့ ပြည်သူတွေလည်း နှစ်သောင်းကျော်ရှိနေသေးတယ် လို့ သိရတယ်။
“ထွက်လို့ရရင် အကုန်လုံးကထွက်ချင်ကြပါတယ်။ ဒါမဲ့လမ်းကပိတ်ထားတယ်။ တချို့ကသွားလာလို့ရပေမဲ့ တောလမ်းကနေထွက်ကြရတယ်။ တချို့လည်းတောရွာမှာပဲ ထွက်ပြေးခိုလုံကြတယ်။ ဒါပေမဲ့ ခုထိပိတ်မိနေတဲ့ ကျွန်တော်တို့က ရှမ်းပြည်ဘက်ကိုထွက်ချင်တာပေါ့” လို့ လက်ရှိလွိုင်ကော်မှာပိတ်မိနေတဲ့အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ရှမ်းပြည်ဘက်ကိုလာရောက်ခိုလုံတဲ့ အမျိုးသမီးတစ်ဦးကလည်း “မြေပဲရှိလည်း မနှုတ်ရဘူး ထားခဲ့ရတယ်။ စပါးစိုက်လည်း မရိတ်ရဘူး ထားခဲ့ရတယ်။ ပြောင်းလည်း မသွားချိုးရဲဘူးပေါ့။ အခုကတော့ စစ်ရှောင်နေရတယ်။ ဘာမဆို အကုန်လုံး ဟိုမှာပဲ ချန်ထားခဲ့ရတယ်။ တစ်မျိုးမှ မရခဲ့ဘူး။ အိမ်ထဲပစ္စည်းလည်း မသိမ်းရဘူး အဲ့တိုင်းပဲ ထားခဲ့ရတယ်။ အသံ ဒုံးဒုံး ဒိုင်းဒိုင်းမြည်ပြီဆို ကိုယ်မှာ လွယ်အိတ်တစ်လုံး မှတ်ပုံတင်တစ်ခု ပါမယ်ဆိုရပြီ ဒီတိုင်းဘဲ ထွက်လာရတာ။”လို့ ပြောပါတယ်။
တစ်လေးလုံးစစ်ဆင်ရေးစတင်ခဲ့တဲ့ နိုဝင်ဘာလ (၁၁)ရက်နေ့မှ ယနေ့အထိ စစ်ဆင်ရေးကာလနှစ်ပတ်‌ကျော်အတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ လေးသောင်း ဝန်းကျင်အထိရှိလာပြီလို့ သိရပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်လာတော့ လွိုင်ကော်အတွင်း ပိတ်မိသူအချို့မှာလည်း ကြောက်လို့ တောထဲတိမ်းရှောင်ရာကနေ အခက်ခဲပိုကြုံတွေ့နေရသူ‌ တွေလည်းရှိတယ် လို့ ထွက်ပြေးလာတဲ့ စစ်ရှောင် တွေက ပြောဆိုပါတယ်။
“တောထဲကနေထွက်လာပြီး အခုသူများရွာမှာ နေနေရတယ်။ မီးလည်းပျက်တယ်။ ရေလည်းမလုံလောက်ဘူး ဖျားနေတဲ့ကလေးတွေ လူကြီးတွေရှိတယ်။ ဆေးထိုးဖို့ ဆေးကုသဖို့က ဆေးဝါးများမရှိသလို ဆရာမတွေလည်း မရှိပါဘူး” လို့ တောထဲတိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။
သက်ကြီးပိုင်းအချို့မှာ လက်နက်ကြီး ပစ်ခတ်သံကြားနေရတာကြောင့် စိတ်ကျရောဂါဖြစ်ရတဲ့အထိ ရှိနေတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်အကြား အပြန်အလှန်နှစ်ဘက်် ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျရှုံးမှုများလာသလို လက်နက်ချ အညံ့ခံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားများလည်းရှိနေတယ် လို့ KNDF ကထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း တွေကို တော်လှန်ရေးအင်အားစုမှ တိုက်ခိုက်သိမ်းပိုက်နိုင်တာရှိသလို ကရင်နီပြည်သူတွေအနေနဲ့လည်း လုံခြုံတယ်လို့ ယူဆရတဲ့နေရာတွေမှာ သွားရောက်ခိုလုံကြဖို့လည်း သတိပေး နိုးဆော်ထားပါတယ်။
“လက်ရှိအခြေအနေက လွိုင်ကော်မှာ ပစ်ခတ်တာတွေရှိနေသေးတယ်ရှင့်။ တချို့ရွာတွေက နေအိမ်တွေအတော်ပျက်စီးတယ်။ ကျွန်မတို့ရွာဆို အပျက်အစီးများတယ်တဲ့ ဟိုမှာကျန်နေသေးတဲ့ကျွန်မဦးလေးကပြောလာတယ်။ ခုလိုကြားတော့ ပိုပြီးစိတ်မကောင်းဖြစ်ရတာပေါ့ရှင့်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ လူဦးရေ ငါးသောင်း ကျော်ရှိပြီး လက်ရှိစစ်ရှောင်ဦးရေဟာ လေးသောင်း အထိရှိလာတော့ လွိုင်ကော်မြို့လူဦးရေ ၈၀ ရာခိုင်နှုန်းအထိရှိလာသလို မထွက်လာနိုင်သေးတဲ့စစ်ရှောင်‌တွေ နှစ်သောင်းရှိသေးတယ်လို့ ကရင်နီလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူညီပေးရေးအဖွဲ့ KHAI မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုတယ်။
လွိုင်ကော်မှာ ကျန်ရှိနေသေးတဲ့ ပြည်သူတွေကို KHAI အဖွဲ့အစည်းနဲ့ အခြားအကူညီပေးရေးအဖွဲ့‌ တွေက ထွက်လာနိုင်အောင် ကူညီပေးနေတယ် လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လွိုင်ကော်တက္ကသိုလ်ဝိုင်းအတွင်း တပ်စွဲထားတာ‌ကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ချအညံ့ခံမှုများရှိခဲ့သလို စစ်ကောင်စီမှ လေယာဥ်နဲ့ အဆက်မပြတ်ဗုံးကြဲခဲ့ပါတယ်။ လက်နက်ကြီးသံ အနည်းငယ်ငြိမ်သက်တာနဲ့အမျှ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်‌တွေ၊ တက္ကသိုလ်ဝန်ထမ်း မိသားစုတွေ နဲ့ စက်မှုဝန်ထမ်းတွေအပါအဝင် လူဦးရေ (၂၀၄)ဦးကို KNDF တပ်ဖွဲ့က ဘေးကင်းလုံခြုံရာမှာ အချိန်မှီကူညီပြောင်းရွေ့နိုင်ခဲ့တယ် လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကရင်နီမြေကို မူလပိုင်ရှင် ကရင်နီပြည်သူတွေရဲ့ လက်ထဲပြန်လည်ထားရှိနိုင်ဖို့၊ ကရင်နီမြေကနေ စစ်ကောင်စီတပ်တွေကို နှင်ထုတ်နိုင်ဖို့ “မုဆိုး” လို့ အမည်ရှိတဲ့ ကမ်ပိန်းကြီးတစ်ခုမှာ ပြည်သူတွေပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ကရင်နီပြည်နယ် စစ်ဆင်ရေးနှစ်ပတ်အတွင်းမှာ စစ်ရေးပဋိပက္ခကြောင့် အပြစ်မဲ့ ရဟန်းသံဃာတွေနဲ့ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ အသက်အန္တရာယ်ထိခိုက်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရရှိတာ၊ ဘာသာရေးအဆောက်အဦးနဲ့ ပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးတာ ရှိခဲ့တယ် လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *