ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၄၊၂၀၂၃
မှော်ဘီအဝိုင်းပတ်အနီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုကြမ်းသဖြင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာရမည်ကို ကြောက်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ မှော်ဘီလမ်းဆုံအဝိုင်းပတ်အနီးရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် အစစ်အဆေးကြမ်းသဖြင့် ဒေသခံပြည်သူများသည်လည်း ဖြတ်သွားဖြတ်လာရမည်ကိုပင် ကြောက်နေကြကြောင်း ယနေ့နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဒေသခံများထံမှသိရသည်။
မှော်ဘီလမ်းဆုံအဝိုင်းပတ်၏ တောင်ဘက်ရှိစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား အယောက်(၂၀)ခန့်ရှိပြီး ဖြတ်သွားဖြတ်လာသော မည်သည့်ယာဥ်ကိုမဆို စစ်ဆေးရန် နေရာယူထားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ဟုတ်တယ်၊ အဲ့ မှော်ဘီလမ်းဆုံနားဂိတ်ကအစစ်အဆေးကြမ်းတယ်မရဘူး၊ ကားကြီးတွေဆိုရင် တောင်ဘက်ကို ပေးမဆင်းတော့ဘူး၊ ဖုန်းစစ်တယ် မှတ်ပုံတင်စစ်တယ် ပါလာတဲ့ပစ္စည်းတွေကအစ အကုန်စစ်တယ်၊ ငါတို့က ဒီကဒေသခံလူတောင်ကြောက်နေရတယ်” ဟု မှော်ဘီဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒေသခံများက အဆိုပါဂိတ်ကို တစ်ရက်အတွင်း ခနခနဖြတ်သွားမည်ဆိုပါက ခနခနဖြတ်သန်းသွားလာသည့်သူကို စစ်ကောင်စီတပ်သားများက အဆိုပါလူအား ထောက်လှမ်းရေးသမားအထင်နှင့် ပိုပြီးစစ်ဆေးမှုများပြုလုပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “မနေ့ကမှော်ဘီဈေးနေ့ကို သွားချင်တာတောင် မသွားရဲဘူး။ ဗမာစကားလည်းကောင်းကောင်းမတတ်တော့ သူတို့စစ်ဆေးမှာကို ကြောက်တယ်” ဟု ပြောသည်။
‌ဒေသခံများ အချိန်မတော် သွားလာမှုရှိပါကလည်း အစစ်အဆေးက ပိုတင်းမာ၍ ကိုယ်ဆီပါလာသည့် ပစ္စည်းများကိုလည်း အကုန်မွှေနှောက် စစ်ဆေးပြီး အရည်မရအဖတ်မရမေးခွန်းများကို မေးမြန်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *