ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၃၊၂၀၂၃
ယခုနှစ် ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်‌ပြောင်းများ အရင်းတွက်‌ချေမကိုက်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ပြောင်းဈေးနှုန်းမရှိသောကြောင့် ပြောင်းစိုက်တောင်သူများ အရင်းပြန်မရမည်ကိုစိုးရိမ်နေကြကြောင်း ပြောင်းစိုက်တောင်သူ ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ (၂၃)ရက်‌နေ့တွင် ပြောဆိုသည်။
ယခင်နှစ် ပြောင်းဖူးချိုးချိန်တွင် ပြောင်းဈေးများသည် တစ်ပိဿာ ၁၀၀၀ ကျပ်အထက်ရှိနေပြီး ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြောင်းဈေးနှုန်းသည် တစ်ပိဿာ ၈၀၀ ကျပ်နှင့် ၉၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း သိရသည်။
“ဒီလိုမျိုးအခြေအနေဖြစ်တော့ တောင်ယာလုပ်ကိုင်ရတာတောင် မပျော်တော့ဘူး။ စိုက်ထားတဲ့ပြောင်းတွေလည်း အရင်းပြန်ရမှာ နဲ့ ပြန်မရမှာက တစ်ဝက်စီပဲ” ဟု စံကားဒေသ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် ပြောင်းဈေးမရှိပါက ပြောင်းစိုက်တောင်သူအများစုသည် ပြောင်းသိုလှောင်ထားကြပြီး ပြောင်းဈေးကောင်းရသည့်အချိန်ရောက်မှသာ ထုတ်ရောင်းကြကြောင်း သိရသည်။
“အရင်နှစ်တွေဆိုရင် ပြောင်းဈေးမရှိရင် သိုလှောင်ထားကြတယ်၊ ဒီနှစ်တော့မသိုလှောင်ရဲတော့ဘူး၊ ပိုက်ဆံရရင်ပြီးရော၊ မတော်လို့စစ်ဘေးရှောင်နေရရင် သုံးဖို့စားဖို့မရှိမှာ စိုးရိမ်တယ်” ဟု ၎င်းကဆက်ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်၌ (၁၁၁၁)စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံပြည်သူများက ပင်လောင်း၊ အင်းလေး၊ ဆီဆိုင်၊တောင်ကြီး စသည့်ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး အဆိုပါစစ်ရှောင်လာသူများဒေသမှလည်း စိုက်ပျိုးထားသည့် သီးနှံများ ချန်ထားခဲ့ကြရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *