ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၅၊၂၀၂၃
ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း (High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်လာပြီဖြစ်ကြောင်း MNDAA က ယမန်နေ့ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ စတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”သည် ယမန်နေ့နိုင်ဝင်ဘာလ (၂၄)ရက်နေ့တွင် (၂၉)ရက်နေ့မြောက်သို့ရောက်ရှိလာခဲ့ပြီး ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း(High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA ကသိမ်းပိုက်နိုင်ကာ စစ်ဆင်ရေးသည် လောက်ကိုင်မြို့သို့ ဦးတည်လာပြီဖြစ်ကြောင်း ဆိုထားပါသည်။
ရှမ်းမြောက် ကိုးကန့်ဒေသ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ကောင်စီ၏စစ်ရေးစခန်း(၄)ခုကို နိုဝင်ဘာ(၂၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ပိုင်း ဟုန်ရှင်းဒေသရှိ စစ်ကောင်စီ၏ လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါသည်။
MNDAAသည် နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်တွင် ကိုးကန့်တုန်းရှမ်းဒေသ ပါကျော်ရွှေနှင့် လွမ်းလောက်လင်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ထိုးစစ်ဆင်တိုက်ခိုက်ကာ (၈း၂၅)နာရီအချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တုန်ရှမ်းဒေသ (လောက်ကိုင်တုန်းချိန်ပြင်တစ်ဝိုက်) ဆိုင်တာအိုင်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို MNDAAက နံနက်(၁၀း၂၀)နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး၊ (၂း၄၀)နာရီအချိန်တွင် ခြေလျင်တပ်ဖွဲ့နှင့် တစ်ဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ (၃း၁၆)နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းသည် စစ်ကောင်စီ၏ လောက်ကိုင်ဒေသတွင် အခြေချသောနောက်ဆုံးတောင်ကုန်း (High point)ဖြစ်ပြီး MNDAA၏ စစ်ဆင်‌ရေးသည်လည်း လောက်ကိုင်ဘက်သို့ ဦးတည်လာပြီဖြစ်ကြောင်း ဆိုထားပါသည်။
MNDAA သည် လောက်ပေါက်ကျိုင့် အနောက် တောင်ကုန်းရှိ စစ်ကောင်စီ၏ ပေထန်တပ်စခန်းကိုလည်း ဒရုန်းနှင့် ခြေလျင်တပ်ဖြင့် နံနက်(၈း၀၆)နာရီတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ စစ်ကောင်စီဘက်မှ (၂)ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ဆင်ရေးစတင်သည့်ရက်မှစ၍ နိုဝင်ဘာလ(၂၄) ရက်နေ့အထိ ညီနောင်မဟာမိတ်(၃)ဖွဲ့သည် စစ်ကောင်စီတပ်စခန်းအကြီးအသေး အနည်းဆုံး (၁၇၁)ခု သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAAကထုတ်ပြန်ထားပါသည်။
ပုံ-The Kokang

You missed