ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊သစ်ပင်ကောက်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် မိုးကာ၊စောင်နှင့်စားရေးသောက်ရေးများအရေးပေါ် လိုအပ်လျက်ရှိကြောင်းသိရသည်။
ယင်းစစ် ရှောင်စခန်းတွင် အလှူရှင်မလာသည်မှာ ၄ လရှိပြီ ဖြစ်ပြီး စားရေး သောက်ရေး လိုအပ်နသည့်အပြင် အသစ်ထပ်မံရောက်လာသော စစ်ရှောင်များလည်းရှိသည့်အတွက် မိုးကာများ၊ စောင်များလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
“မိုးကာ မလောက်တော့ မိုးကာတစ်ခုထဲမှာ မိသားစုသုံးစု လေးစု နေရတာရှိတယ်။ ထော်လာဂျီပေါ် စုပြီး အိပ်ရတာရှိတယ်။ ပြီးရင် တစ်ကိုယ်ရေးသန်းရှင်းရေးအတွက် ဆပ်ပြာလည်း အရမ်းလိုအပ်နေတယ်။”ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်အဟောင်းလှုဦးရေ ၂၀၀ ကျော်ဝန်းကျင်နှင့် အသစ်ထပ်မံ ရောက်လာသူလှုဦးရေ ၁၆၀ ကျော်ရှိပြီး စုစုပေါင်း ၄၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင်အလှူရှင်များ လာရောက်ကူညီရန်လည်း အခက်ခဲများစွာရှိကြောင်းသိရသည်။
“ဂိတ် တွေမှာ အရမ်းစစ်တယ်။ ပြီးရင် ဆေးပစ္စည်း တစ်ခြားစားသောက်ကုန်ပစ္စည်းတွေလည်းသယ်သွား သယ်လာလို့အဆင်မပြေတော့ အရမ်းခက်ခဲဖြစ်တယ်။ ခုနောက်ပိုင်းက အရမ်းကြပ်လာတော့ ကူညီတဲ့အပိုင်းလည်း နှောင်းနှေးသွားတာ ကူညီခွင့်မရ ‌‌‌‌‌‌‌‌‌တာတွေ ဖြစ်လာတယ်”ဟု စစ်ရှောင်အရေးကူညီပေးသည့်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ ပင်လောင်းမြို့နယ်တွင် စစ်ရှောင် (၅၀၀၀) ငါးထောင်ထက်မနည်းရှိနေပြီး အများစုသည် နမ်းဖာမူ၊ ဗန်းမောက်၊ သစ်ပင်ကောက်၊ မိုးဦး၊ လွယ်ဖြီ၊ကုန်းသာ၊ဝါးလီး၊ပင်ခွန်နှင့် ပင်လောင်းမြို့ ပေါ် ဘုန်းကြီးကျောင်းတွင် အများဆုံး ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *