ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၇၊၂၀၂၃
လွိုင်ကော်မှလာသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီနှင့် PNOက နမ်းပန်လမ်းခွဲ စစ်ဆေးရေးဂိတ်တွင် ပေးမဝင်သဖြင့် စစ်ဘေးရှောင်များက ဝင်ခွင့်ရရန် ငိုယိုတောင်းခံနေရကြောင်း ဒေသခံများ ယနေ့နိုဝင်ဘာလ(၁၇)ရက်နေ့က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နမ်းပန်လမ်းခွဲစစ်ဆေးရေးဂိတ်၌ ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်ဘက်မှတက်လာသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက စစ်ဘေးရှောင်များအား ‌ပေးမဝင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများက ဝင်ခွင့်ရရန်ငိုယိုပြီး တောင်းခံနေရကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲများပူးပေါင်းပြီး လွိုင်ကော်မှလာသည့် စစ်ဘေးရှောင်ပြသည်သူများကို ကျေးရွာအတွင်း၌ ပေးမဝင်ကြရန်နှင့် လက်မခံကြရန် ထုတ်ပြန်ထားသည် ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
“မနေ့က အဲ့ဒီနမ်းပန်ဂိတ်မှာ သူတို့ကစစ်ဆေးပြီးတော့ လွိုင်ကော်ဘက်ကတက်လာတဲ့သူတွေကို သူတို့ကပေးမနေဘူး၊ သူတို့ကပေးမဝင်တော့ စစ်ရှောင်တွေက အတင်းငိုယိုပြီးဝင်ခွင့်တောင်းကြတယ်၊ တစ်ချို့ကတော့ တစ်ခြားနေရာပြန်ရွေ့သွားတာတွေရှိတယ်” ဟု နမ်းပန်ဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားနှင့် PNOပြည်သူ့စစ်သားများက တာဝန်ယူထားကြောင့် သိရသည်။
“မနေ့က သလဲဦးရွာမှာဝင်တဲ့ စစ်ရှောင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက လက်မခံလို့ တစ်ခြားဘက်ကိုပြောင်းသွားကြတယ်။ တချို့ကဆီဆိုင်ဘက်ရွေ့သွားကြတယ်ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
လွိုင်ကော်မှတက်လာသည့် စစ်ဘေးရှောင်ပြည်သူများသည် နေ့တိုင်းရှိနေပြီး ယခုကဲ့သို့လက်မခံခြင်း ပေးမဝင်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ကြားထဲ၌ ခံနေကြကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများကို တားဆီးပိတ်ပင်သည့်ကိစ္စနှင့် ပတ်သက်ပြီး အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)၊ အင်းလေးပြည်သူ့ကာကွယ်‌ရေးတပ်(IPDF) နှင့် အင်လေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု(IFDM)အဖွဲ့များက ယခုကဲ့သို့ စစ်ရှောင်ပြည်သူများကို လိုက်လံခြိမ်းခြောက်မောင်းထုတ်နေသူများ နှင့် လိုက်ပါအကောင်အထည်ဖော်နေသူများ၏ အမည်၊ ရာထူးတာဝန်၊ နေရပ်လိပ်စာများကို မှတ်သားပေးပို့ကြပါရန် နှင့် တရားမျှတမှုအတွက် ထိရောက်စွာအပြစ်‌‌ပေးအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *