ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဒေါစောဘီးရွာခံများသည် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော်လည်း အိမ်တွင်းတန်ဖိုးရှိပစ္စည်းမပါလာသည့်အတွက် စိုးရိမ်နေရကြောင်း ဒေါစောဘီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဒေါစောဘီးအပါ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိရပ်ကွက်များ ကျေးရွာများအတွင်း နေထိုင်သည့်ပြည်သူများသည် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုဝင်ဘာ (၁၅)ရက်နေ့တွင် စတင်ထွက်ပြေးစစ်ရှောင်ကြရ ကြောင်း သိရသည်။
“ကျွန်မတို့က ၁၅ရက်နေ့မှာ စပြီးထွက်ပြေးရတာ တောထဲမှာပဲ အိပ်ရတယ်။ ခုဆို ရိတ်ပြီးပုတ်ပြီးစပါးတွေက အိမ်မှာ စပါးကျည်မှာထားထားပြီးပြီ။
နောက်ပြောင်းက ငါးဧကလောက်စိုက်ထားတာ မချိုးရသေးဘူးအဲ့ဒါလည်းရှိတယ်။ ကျွန်မတို့အကုန်ဆုံးရှုံးရတာ”ဟု ဒေါစောဘီးရွာနေ အရှားမြာက ခမ်းသားငေါဝ်းကို ပြောသည်။
အိမ်တွင်းကျန်ရှိနေသည့် တန်ဖိုးရှိပစ္စည်းများ စပါးများကို ရိတ်သိမ်းခြင်းမကြာသေးသလို ဆန်အဖြစ်တစ်စေ့တောင် မစားရသေးတာကြောင့် အခွင့်ရေးရှိရင် ပြန်သယ်ချင်ကြောင်းနှင့် သူများ သူတစ်ပါးကမီးရှို့ဖျတ်ဆီးပစ်မည်ကို စိုးရိမ်ကြောင်းသ ၎င်းကဆက်ပြောသည်။
ဒေါစောဘီးရွာခံများသည် နိုဝင်ဘာ(၁၅)ရက်နေ့၌တွင် စတင်ထွက်ပြေးရာ မိသားစုများနှင့်
တစ်ကွဲတပြား ခွဲခွါရသည့်သူများရှိသလို အချို့သူများသည် လက်ရှိတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အခြေပြုသည့်ဒေသသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်များသည် ကရင်နီပြည်အတွင်းမှ မရ ရအောင်ထွက်ပြေးလာပြီး တောထဲအတွင်း သုံးရက်စာ ထမင်းကောင်းကောင်းမစားရသလို ကောင်းမအိပ်ခဲ့ရကြောင်း စစ်ရှောင်သူများ ပြောပြချက်အရ သိရသည်။
စစ်ရှောင်သူ ဦးဗျားရယ်ကလည်း “ကျွန်တော်တို့ကောင်းကောင်းစားချိန်မရှိဘူး။ ရွာထဲမှာနေတာရော တောထဲပြောနေချိန်ရော ကိုယ်က အိပ်နေချိန်ဆို လက်နက်ကြီးဘယ်တော့ကျမလဲ၊ပေါက်ကွဲမလား ဆိုပြီးကြောက်နေရတာတစ်ခုပဲသိတယ်”ဟု ပြောဆိုသည်။
ယခုဖြစ်ပွားနေသည့် ကရင်နီပြည် စစ်ရေးပဋိပက္ခသည် စစ်အာဏာရှင်ကျရှုံးပြီး တော်လှန်ရေးကာလပြီးဆုံးပါက ကိုယ့်ရပ်ရွာ ကိုယ့်နေအိမ်တွင်သာ ပြန်လည်နေထိုင်ချင်ကြောင်း၊ စစ်ရှောင်နေရသည့်
ဘဝမဖြစ်လိုကြောင်း သူက ဆက်ဆိုသည်။