ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၈၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် ကြားကာလလွှတ်တော်သည် ကြားကာလအတွင်း ပြဌာန်းထားသော လုပ်ငန်းစဥ်(၅) ရပ်ကိုချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကရင်နီပြည်နယ်ကြားကာလလွတ်တော်က ယမန်နေ့နိုဝင်ဘာ(၁၇)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ကရင်နီပြည်နယ်ကြားကာလလွှတ်တော်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)သို့ အဆိုပြုတင်သွင်းကာ မူအရသဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ကရင်နီပြည်နယ်ကြားကာလဥပဒေပြုရေးကော်မတီမှ ကရင်နီပြည်နယ်ကြားကာလလွှတ်တော်အဖြစ် ရပ်တည်တည်ပြီး လွတ်တော်ဆိုင်ရာလုပ်ငန်းများကို အစဥ်တစိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။
ကရင်နီကြားကာလလွှတ်တော်သည် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ကြားကာလအတွင်း ကရင်နီပြည်အတွက် လိုအပ်သောဥပဒေပြုခြင်း၊ မဲဆန္ဒရှင်ပြည်သူများလူထုများအားကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိမှုပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်ရည်ရွယ်သည်ဟုဆိုထားပါသည်။
ကြားကာလအတွင်း ကရင်နီပြည်နယ်ကြားကာလလွှတ်‌တော်သည် ပြဌာန်းထားသည့် လုပ်ငန်းစဥ် (၅)ရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ပြည်သူလူထုကို အကာအကွယ်ပြုသည့် ဥပဒေများနှင့် အခြားကျင့်သုံးနိုင်ရန်လိုအပ်သည့် ဥပဒေများအားရေးဆွဲပြဌာန်းခြင်း။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို စောင့်ကြည့်ထိန်းညှိခြင်း။ ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးအင်အားစုများ၏ ညီညွတ်ရေးနှင့်ပူးပေါင်းပါဝင်ရေးကို ဆောင်ရွက်ခြင်း။ ပြည်တွင်း၊ပြည်ပရှိနိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း။ နှင့် ပြည်သူလူထု၏ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာအစုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အဆိုပါ လုပ်ငန်းစဉ် ၅ ရပ် ကို လုပ်ဆောင်သွားမည် ဟုဆိုထားသည်။
ကရင်နီပြည်နယ်ကြားကာလလွှတ်တော်သည် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီစနစ်ထွန်းကား‌ရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အစဥ်ရပ်တည်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *