ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၇၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ်အတွင်းမှ စစ်ရှောင်များသည် တောင်ကြီးမြို့နယ်အတွင်း လာရောက်ခိုလုံပါက လက်မခံရန် စစ်ကောင်စီက နိုဝင်ဘာလ
၁၄ ရက်နေ့တွင် ညွန်ကြားထားကြောင်း တောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့တွင် တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက်
တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ကရင်နီပြည်ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပါသည်။
“တကယ်တမ်းဆိုရင် နယ်မြေချင်းထိစပ်နေတာပေါ့နော်၊ အဲ့ခါကျတော့ ဟိုဘက်စစ်ဖြစ်ရင် ရှောင်တိမ်းစရာက ဒီတောင်ကြီးဘက်၊ ပင်လောင်းဘက်ကိုပဲရှိတယ်။ တောင်ကြီးနယ်ခံအနေနဲ့ လက်မခံတာမျိုးမဟုတ်ပဲ။ စစ်ကောင်စီနဲ့ PNOလူကြီးတွေ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားတော့ အဲ့လိုနဲ့ ရပ်ကွက်ခံလူ ကျေးရွာလူက လက်ခံဖို့ခက်နေတာ”ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
ကရင်နီပြည်မှ ရောက်လာသည့်စစ်ရှောင်ပြည်များကို လက်မခံခြင်း ဝင်လာမှုခွင့်မပြုခြင်း နှင်ထုတ်ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာကျသလို လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ခဲ့ကြောင်း ပြောဆိုသည်။
တောင်ကြီးမြို့ရပ်ကွက်ခံ အမျိုးသားတစ်ဦးကလည်း”ဒါကနောက်ဆိုသမိုင်းအဖြစ်ကျန်ခဲ့မှာ ဒီလူမျိုးကြားထဲမှ ပအိုဝ်းဒေသမှာရှိတဲ့ပအိုဝ်းလူမျိုးတွေက စစ်ရှောင်ကိုမလက်ခံဘူးဆိုလို့ရှိရင် ဒီလိုမျိုးပေါ့ အမည်းစက်တစ်ခုအနေနဲ့အမည်ရှိသွားမှာ လူမျိုးရေးပြဿနာ အမုန်းပွားမှုဖြစ်စေမှာ”ဟုပြောသည်။
စစ်ကောင်စီသည် တောင်ကြီးမြို့ပေါ်ရပ်ကွက် (၄၅)ခုနှင့် ကျေးရွာပေါင်း (၅၀)ကျော်ကို အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊အုပ်ချုပ်ရေးမှူးများ၊
ရာအိမ်မှူးများနှင့် PNO/A ပြည်သူ့စစ်များမှ တစ်ဆင့် ဖိအားပေးနိုးဆော်ထားသည်။
စစ်ကောင်စီမှ စစ်ရှောင်ကို လက်မခံရန် ယခုလိုညွန်ကြားစာအမိန့်ထုတ်နေခြင်းသည်တောင်ကြီးမြို့ပေါ် ကျင်းပတော့မည်တန်ဆောင်တိုင်ပွဲအတွက် အနှောက်ယှက်မဖြစ်အောင်တော်လှန်ရေးအင်အားစုမှလာရောက်နှောက်ယှက်ဖျတ်ဆီးမှုမရှိအောင်နှင့် ပအိုဝ်းလူမျိုးအများစုနေထိုင်သည့် တောင်ကြီးဒေသအတွင်း စစ်ရှောင်များလက်မခံဖို့ညွန်ကြားခြင်းသည် လူမျိုးရေးပဋိပက္ခဖြစ်အောင် တိုင်းရင်းသားအချင်းချင်းအမုန်းပွားအောင် ရည်ရွယ်လုပ်ကြံခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တောင်ကြီးမြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ပင်လောင်း၊ကလော၊
ညောင်ရွှေ၊အင်းဒေသတွင် စစ်ရှောင်များသောင်းချီရောက်လာနေပြီး ဒေသခံများအနေဖြင့် လက်ခံချင်သော်လည်း စစ်ကောင်စီ၏ညွန်ကြားမှုကြောင့်လက်မခံရဲကြပဲ စစ်ရှောင်များအနေဖြင့်လည်း လမ်းဘေးတွင် အိပ်နေရကြောင်း သိရသည်။
ယခုတွင် ကရင်နီပြည်၌ စစ်ဆင်ရေးတစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေခြင်းကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့မှ ယနေ့နိုဝင်ဘာ ၁၇ ရက်နေ့ထိ တစ်လေးလုံးစစ်ဆင်ရေး(၇)ရက်အတွင်း ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင် ပြည်သူ လေးသောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *