ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅ ၊၂၀၂၃
တအာင်းတပ်မတော် PSLF/TNLA ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း(၃)ခု ထပ်မံသိမ်းပိုက်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
တအာင်းတပ်မတော် PSLF/TNLA သည် တအာင်းပြည်နယ် တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း(၃)ခု ထပ်မံသိမ်းပိုက်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ ည (၁၂း၀၀)နာရီအချိန်တွင်
တအာင်းတပ်မတော် PSLF/TNLA သည်
ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရှောက်ဟော် ပြည်သူ့စစ် တပ်စခန်းကို သိမ်းပိုက်ရရှိသည် ဟု ထုတ်ပြန်ထားပါသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် (၄)နာရီအချိန်တွင်လည်း
ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မုံးဟွမ် ပြည်သူ့စစ်အဖွဲ့မှ လက်နက် (၇)လက်၊ မုံးပေါ် ပြည်သူ့စစ်အဖွဲ့မှ လက်နက် (၃)လက် TNLA ထံသို့လာရောက်အပ်နှံခဲ့သည် ဟု ဖော်ပြထားပါသည်။
“ဒီပ.သ.စတပ်စခန်းသိမ်းပွဲကိုတော့ ထိခိုက်ကျရှုံးမှုတွေအသေးစိတ်မသိရသေးဘူး။
ညလောက်မှသိရမယ် အခုကကျွန်မတို့ဆီမရောက်လာသေးဘူး။ လက်နက်ခဲယမ်းတွေသိမ်းဆည်းရတာတွေတော့သိရပြီ”ဟုPSLF/TNLAသတင်းနှင့်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တန်ယန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဆိုင်လျံတပ်စခန်းကို PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *