ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊၂၀၂၃
ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်သည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ယနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် စတင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များသည် ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခုအား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့သည် ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များက ထုတ်ပြန်ထားသည်။
ယနေ့စတင်ခဲ့သည့် တော်လှန်ရေးတပ်ပေါင်းစုများ၏ စစ်ဆင်ရေးအား “၁၁.၁၁ စစ်ဆင်ရေး” ဟု ခေါ်ဆိုမည်ဖြစ်ပြီး ကရင်နီပြည်နယ်တွင် ညီညွတ်မှုအင်အားဖြင့် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် အားလုံးနှင့်အတူတကွရှေ့ဆက်ကာ တိုက်ပွဲများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားပါသည်။
စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် ကျေးရွာများရှိ တပ်စခန်းများကို ယနေ့ နံနက် (၅) နာရီ အချိန်မှစ၍ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း(၃)ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသည် ဟု ဖော်ပြထားပါသည်။
အထက်ပါ စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်း (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဆိုထားပါသည်။
စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် (၁)စီးကို KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်ခဲ့ရာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်၍ မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ ကြောင်း၊ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။
ယနေ့ တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ တပ်စခန်းများအား ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များဖက်မှ အပြီးပြတ်သိမ်းပိုက်နိုင်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည် ဟု ဆိုထားပါသည်။
ယနေ့ “၁၁.၁၁ စစ်ဆင်ရေး”တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံဖက်မှ ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
စစ်အာဏာရှင်ကို ခုခံတော်လှန်ရသည့် တော်လှန်ရေးအခန်းကဏ္ဍတွင် စစ်အုပ်ချုပ်ရေးယန္တရားများ အခိုင်အမာရှိနေသည့် မြို့ရွာများအပေါ်တွင် စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ပွဲများဖော်ဆောင်ရခြင်းအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း နှင့် ရှေ့ဆက်လည်း အတူတကွလက်တွဲကာ ပူးပေါင်းဆောင်ရွက်ပေးမည် ဟု ယုံကြည်ပါကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များက ထုတ်ပြန်သည်။
ဓါတ်ပုံ-KNDF

Leave a Reply

Your email address will not be published. Required fields are marked *