ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၂၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံအဖွဲ့များ၏ တစ်လေးလုံးစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးများ ထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း KNDF သတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။
သေဆုံးသည့်အရပ်သားများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် သေဆုံးရခြင်းမဟုတ်ဘဲ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးများ ပေါက်ကွဲ ထိမှန်ပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း KNDF သတင်းပြန်ကြားရေးထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်သော အရပ်သားပြည်သူများ နေထိုင်သည့်ကျေးရွာများသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးဗြဲတွင်(၂)ဦး၊ လွိုင်ကော်ဘက်တွင်(၂)ဦး သေဆုံးရသလို လွိုင်ကော်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးတွင် လမ်းသွားလာသည့်ဒေသခံအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရပြီး (၁)ဦးသေဆုံးခဲ့ရကြောင်း ဆိုသည်။
“မနေ့ကမှပဲ ကျွန်တော်တို့စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့မှာ အရပ်သား(၅)ဦးထက်မနည်းသေဆုံးရတယ်လို့သိရပါတယ်။ ဒါကတော့ စစ်ပွဲဖြစ်တဲ့နေရာမှာမဟုတ်ဘဲနဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့က မနေ့ကတနေကုန်လုံး သူတို့တပ်စခန်းရှိတဲ့နေရာမှာပဲ တိုက်ပွဲ ဖြစ်တာပါ” ဟု KNDF သတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တော်လှန်ရေးအင်အားစုတပ်သားများသည်စစ်ဆင်ရေးလှုပ်ရှားရာတွင် ကျေးရွာအတွင်း လူထုနေအိမ်အတွင်း ဝင်ပြီးနေရာယူခြင်း၊ လှုပ်ရှားခြင်း မပြုလုပ်ခဲ့ကြောင်း၊ အရပ်သားကိုပစ်မှတ်ထားကာ လက်နက်ကြီးနှင့်ပစ်ခတ်နေခြင်းသည် စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်သွားရန်အတွက် စစ်ဆင်ရေးကိုစတင်ရခြင်း ဖြစ်သော ကြောင့် အရပ်သားပြည်သူများ လုံခြုံသည်ဟုယူရဆသောနေရာများတွင် ရှောင်ရှားပေးရန် နှင့် အဖွဲ့အစည်းမှ ညွန်ကြားထားသောထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်း ထုတ်ပြန်ထားပါသည်။
ပုံ-KNDF

Leave a Reply

Your email address will not be published. Required fields are marked *