ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၄၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ မြို့နယ်များကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး Martial Law အမိန့်ထုတ်ပြန်လာသောကြောင့် ဒေသခံပြည်သူများထိတ်လန့်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ဒေသခံများသည် စားနပ်ရိက္ခာများခက်ခဲနေသည့်ကြား Martial Law အမိန့်ကြောင့် ထိပ်လန့်စိုးရိမ်မှုများ ခံစားနေရကြောင်း ဒေသခံများက ပြောဆိုသည်။
“အခုဆိုည ၆ နာရီလူမရှိတော့ဘူး။ ၅ နာရီဆိုအကုန်ပိတ်ပြီ လက်ဘက်ရည်ဆိုင်တွေကအစပေါ့၊ လမ်းမှာတွေ့ရင် ပစ်သတ်မယ်ပုံစံမျိုးတွေဖြစ်နေတော့ လူတွေထိပ်လန့်ကုန်တာပေါ့၊ Martial Law က မထူးဆန်းတော့ပေမဲ့ အချိန်မကန့်သတ်ထားတော့ တကယ်တုန်လှုပ်စေတာ”ဟုကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ (Martial Law) စစ်အုပ်ချုပ်ရေးမကြေညာခင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအထိ ပြည်သူများ ပိုမိုကြပ်တည်းပြီး အခက်ခဲများဖြစ်ရကြောင်း၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ Martial Law ကိစ္စနှင့်ပတ်သက်ပြီး MNDAA ကိုးကန့်တပ်ပြောခွင့်ရှိသူ လီကျာဝင်းက” ဒီစစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ Martial Lawကိုတော့ ကျွန်တော်တို့အနေနဲ့ အဲ့လောက်အလေးမထားဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေကိုပဲ လုပ်သွားမှာပေါ့”ဟုပြောသည်။
ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ၁၀၂၇ စစ်ရေဆင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီး လမ်းများပိတ်ဆို့ထား သောကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ကာ ဒေသခံပြည်သူများ စားဝတ်နေရေးလည်း တနေ့ထက်တနေ့ ပိုမိုကြပ်တည်းလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *