ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅၊၂၀၂၃
ညီနောင်မဟာမိတ်(၃)ဖွဲ့ထံသို့ ဒကစ(လောက်ကိုင်)လက်အောက်ခံတပ်ရင်း ခမရ(၁၂၉)မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်ဦးဆောင်သည့် တပ်ဖွဲ့တပ်ရင်းတစ်ရင်းလုံး နှင့် မိသားစုဝင်များသည် ပြည်သူ့ရင်ခွင်ဆီသို့ အလင်းဝင်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ နိုဝင်ဘာ(၁၄) ရက်နေ့တွင် ထုတ်ပြန်သည်။
ရှမ်းမြောက် ကိုးကန့်အထူးဒေသ(၁) ရှီးရှမ်းဒေသ၊ မန်လောရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ(လောက်ကိုင်)လက်အောက်ခံ တပ်ရင်း ခမရ(၁၂၉)မှ တပ်ရင်းမှူးဗိုလ်မှူးကျော်ရဲအောင်ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံးသည် ညီနောင်မဟာမဝတ်(၃)ဖွဲ့ထံသို့ နိုဝင်ဘာလ(၁၂)ရက်နေ့၊ညနေ(၈) နာရီခွဲအချိန်တွင် လက်နက်ချအလင်းဝင်ခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံကြသူများကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်၊ ၎င်းတို့၏မိသားစုဝင်များကိုလည်း ငွေကျပ်(၁)သိန်းစီချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဆိုထားပါသည်။
ကျန်းမာရေးချို့ယွင်းသူများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က ကျန်းမာရေးဝန်ဆောင်မှု နှင့် စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ၎င်းတို့သွားလိုရာနေရာများကိုလည်း လုံခြုံစွာပို့ဆောင် ပေးထားကြောင်း ဖော်ပြထားပါသည်။
တပ်ရင်းမှူးဗိုလ်မှူးကျော်ရဲအောင်ဦးဆောင်သည့်တပ်ရင်းသည် တပ်ဖွဲ့ဝင်(၁၂၆)ဦးနှင့်၎င်းတို့မိသားစုဝင် မောင်နှမများက (၁၃၄)ဦး စုစုပေါင်း(၂၆၂)ဦး ပါရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အောက်တို ဘာလ(၃၁)ရက်နေ့တွင် အလင်းဝင်ရန်အထူးတိုက်တွန်းနိုးဆော်ထားပြီး၊ မြန်မာ့တပ်မတော်သားများနှင့် မြန်မာ့ရဲတပ်ဖွဲဝင်များ ပြည်သူ့ရင်ခွင်သို့အလင်းဝင်ရောက်လာသူ (၂၀၀)ကျော်အထိရှိလာခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားပါသည်။
ပုံ-Three Brotherhood Alliance

Leave a Reply

Your email address will not be published. Required fields are marked *