ခမ်းသားငေါဝ်း
နိုဝင်ဘာ ၄၊၂၀၂၃
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ စစ်ရေးအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားမျိုးသားကာကွယ်ရေးတပ် KNDF က နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
တိုက်ပွဲများသည် ဖရူဆို-ဘောလခဲ ပြည်‌ထောင်စုလမ်းမကြီးတစ်လျှောက်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး ကျန်နေရာများတွင် အနည်းငယ်သာဖြစ်ပွားခဲ့ကာ ဖရူဆို-ဘောလခဲလမ်းမကြီးတစ်လျှောက်တွင် ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားများ(၄၀)ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်များအတွင်းရှိ အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းဖြင့်တိုက်ခတ်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးရပြီး အရပ်သားပြည်သူ(၇)ဦးထိခိုက်ဒဏ်ရာရရှိကာ၊ လူနေအိမ်(၁၇)လုံး၊ ကျန်းမာရေးအဆောက်အဦး (၁) လုံးနှင့် စာသင်ကျောင်း(၁)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားပါသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်များနှင့် ခုခံတိုက်ခိုက်ရင်း (KNDF)မှ ရဲဘော်(၄)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ယခုရက်ပိုင်း ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့ ကိုးကန့်(MNT JP/MNDAA)၊ တအာင်း(PSLF/TNLA)၊ ရခိုင်တပ်မတော်(AA)မဟာမိတ်တပ်များ ဆောင်ရွက်နေသော “(၁၀၂၇)စစ်ဆင်ရေး” တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၆၀၆)သည်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း (KNDF)ကထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *