ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၀၊၂၀၂၃
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ထားပါသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”နှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသား EROS၊ NUG /PDFs၊ KDFs တို့ဖော်ဆောင်လျက်ရှိသော ဗျူဟာမြောက်ပူးတွဲစစ်ဆင်ရေးအား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ကြိုဆိုကြောင်း ယမန်နေ့ နိုဝင်ဘာ(၉)ရက်နေ့တွင် ထုတ်ပြန်သည်။
“၁၀၂၇စစ်ဆင်ရေး” နှစ်ပတ်အတောအတွင်း ညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် စစ်ကောင်စီတပ်စခန်းကြီး/ငယ် ပေါင်း (၁၃၀)ကျော်နှင့် မြို့(၈)မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီအနေဖြင့် စစ်ရေးတွင် အရေးနိမ့်လာကြောင်း ဆိုထားပါသည်။
စစ်ကောင်စီက စစ်ရေးတွင် အကြီးအကျယ်အရေးနိမ့်အားနည်းလာပါက စစ်ခေါင်းဆောင်များက ညီနောင်မဟာမိတ်အဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို တိုင်ပင်ဆွေးနွေးရန် ကမ်းလှမ်းလာနိုင်ခြေရှိသောကြောင့် ၎င်းသည် စစ်တပ်၏ယာယီထွက်ပေါက်ရစေနိုင်ပြီး ညီနောင်မဟာမိတ်အဖွဲ့များအနေဖြင့် သတိချပ်သင့်ကြောင်း ဆိုထားသည်။
ပြည်နယ်အသီးသီးတွင် ဖော်ဆောင်နေသော စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့် ဗျူဟာမြောက်စစ်ဆင်‌ရေးများ ပိုမိုထိရောက်အောင်မြင်နိုင်ရန် သိမ်းပိုက်ရရှိထားပြီးသော နယ်မြေများကို ကြားကာလဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ တိုင်းပြည်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးယန္တရားများအား အမြန်ဆုံးတည်ထောင်ဖွဲ့စည်းသွားသင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *