ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ ဦးရေအတိကျမသိရပေမဲ့ သောင်းချီရှိနေပါပြီ။ မရှောင်လည်း တိုက်ပွဲကြောင့်အသက် ဆုံးရှူံးနေတာကရှိတာကို ကလေးကအစ လုံခြုံမနေတော့ ကြောက်ကြတာပေါ့။”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးကပြောသည်။
စစ်ရေးပဋိပက္ခနေ့စဉ်ဖြစ်ပွားနေမှုကြောင့် စစ်ရှောင်ပြည်သူများ နေ့စဉ်တိုးလာသလို ရှမ်းမြောက်ဒေသ အတွင်း သွားလာရေး၊ စားဝတ်နေရေး၊ စီးပွားရေး၊ကုန်ဈေးနှုန်းများကအစ ခက်ခဲမှုကြုံတွေ့နေရကြောင်းသူကဆက်ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းမြောက်နေရာအတော်များများတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရှမ်းမြောက်ဒေသဖြစ်သည့် လားရှိုး၊မူဆယ်၊နမ့်ခမ်း၊ကွတ်ခိုင်၊သိန္နီ၊မိုးကုတ်၊နောင်ချိုစသည့် မြို့နယ်အတွင်းရှိပြည်သူများသည်စစ်ဘေး တိုက်ပွဲဘေးထွက်ပြေးတိမ်းရှောင်နေရသည်မှာ ယနေ့အပါ ဒေသခံလူထု နှစ်သောင်းကျော်ရှိပြီဟုဒေသခံက ခန့်မှန်းပြောဆိုကြသည်။
ရှမ်းမြောက်ဒေသခံတက်ကြွလှုပ်ရှားလူငယ်တစ်ဦးကလည်း”သူတို့စစ်ရေးစတာနဲ့ သေနတ်သံ၊လက်နက်ကြီးသံ၊ ပေါက်ကွဲသံကြား​နေရတာနဲ့တင် ပြည်သူကထိတ်လန့်ပြီပဲ၊ခုဆို အဓိကဘုန်းကြီး ကျောင်းတွေကိုအားထားပြီး တိမ်ရှောင်နေရတာ” ဟုပြောသည်။
စစ်ရှောင်ဦးရေများလာသည်နှင့်အမျှ စားရိက္ခာများလည်းလိုအပ်လာကြောင်း၎င်းကဆက်ပြောသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် စစ်ရေးစတင်သည့်အောက်တိုဘာလ၂၇ ရက်နေ့မှယနေ့ထိ ရှမ်းမြောက်တွင် ကလေးသူငယ်(၃)ဦးအပါအဝင်အရပ်သား (၁၈)ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရပြည်သူ (၄၁)ဦးရှိနေခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *