ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊၂၀၂၃
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်သေဆုံးမှုနှင့် နေအိမ်များထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းသိရသည်။
တအောင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့သည့် အောက်တို့ဘာလ ၂၇ရက်နေ့ မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တအောင်းပြည်နယ်‌ ဒေသအသီးသီးမှ အသက် ၈ နှစ် မှ ၁၁ နှစ်အသက်မပြည့်ကလေးငယ်များအပါအဝင် အရပ်သား (၁၁ဦး) သေဆုံးခဲ့ပြီး (၃၄ဦး) ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဖော်ပြချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၁၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် သိန္နီမြို့နယ် ၁၀၂၇ စစ်ဆင်ရေး ၈ ရက်အတွင်း ဒေသခံအရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း တအောင်းအမျိုးသမီးအဖွဲ့ထံမှ သိရသည်။
ထိုသေဆုံးသွားသော စုစုပေါင်းကလေးအပါအဝင်အရပ်သား (၂၄ဦး) သည် သိန္နီမြို့၊ နမ့်ခမ်းမြို့၊နမ်းဖက်တာမြို့၊ နမ္မတူမြို့၊ ကွက်ခိုင်မြို့ နှင့် မိုကုတ်မြို့၊ ကွမ်းလုံဒေသ၊ မုံးယောင်‌ဒေသ၊ကိုးကန့်ခရိုင် မန်တုံပကျေးရွာ၊ ဟိုရင့်ရွာ၊ ချင်းရွှေဟော် ၊မူဘန်မြို့၊ လိုင်ဇာမြို့များမှ ဖြစ်ကြောင်း သိရသည်။
လက်ရှိ လားရှိုးတွင် စစ်ရှောင် – ၆၄၈၅ဦး၊ ကွက်ခိုင် တွင် ၁၀၀၀ ကျော်၊ ကျောက်မဲ – ၄၄၆ ဦး၊ သိန္နီ – ၃၀၀၀ ကျော်၊ မိုးကုတ် – ၂၅၀ ဦး၊ မူဆယ် – ၂၂၀ ဦး စုစုပေါင်း ၁၀၀၀၀ (တစ်သောင်းကျော်) ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှ သိရပြီး နိုဝင်ဘာလ ၇ ရက်နေ့ ချင်းရွှေဟော်ရှိ အရပ်သား စစ်ရှောင် ၁၀၀၀ ကျော်ကို MNDAA မှ လုံခြုံသည့်နယ်စပ်သို့ ပို့ထားကြောင်းသိရသည်။
စစ်ကောင်စီမှ လေကြောင်တိုက်ခိုက်မှုကြောင်း မိုးကုတ်မြို့ အထက်ညောင်ကုန်းရွာရှိ ဒေသခံနေအိမ် အလုံး (၈၀)ကျော် ပျက်စီးခဲ့ပြီး နမ့်ခမ်း၊နမ္မတူ၊ကွတ်ခိုင်တွင်လည်း အရပ်သားနေအိမ်(၂၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မှ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ တပ် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇) ဦးသေဆုံးသည့်အချက်အလက်ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ ခုခံစစ်မဖော်နိုင်တာကြောင့်လေကြောင်းပစ်ကူနဲ့ဘဲ အားထားနေရပြီး တစ်ဖက်မှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့လှုပ်ရှားခြင်းမရှိတဲ့‌ဒေသတွေမှာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်လာတာတွေ့ရတယ်။ “ ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားသည်။
စစ်ကောင်စီး၏ လုပ်ရပ်ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် သွားသတိ၊ လာသတိ၊ နေသတိ စသည့် လုံခြုံရေးသတိအပြည့်ဖြင့် နားစွင့်နေထိုင်ကြရန်ကိုလည်း သတိပေးထားကြောင်း သိရသည်။
လက်ရှိတွင် MNDAA၊ AA၊ TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *