ခမ်းသားငေါဝ်း
နိုဝင်ဘာလ ၅၊ ၂၀၂၃
၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့စစ်ဆင်ရေးပစ်မှတ်ဖြစ်သည့် စစ်ကောင်စီတပ်စခန်း ၇ ခု ကိုထပ်မံသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွဲလာသည့် (၉)ရက်နေ့မြောက်အထိ ကြာမြှင့်လာချိန်တွင် စစ်ကောင်စီ တပ်စခန်း ၁၀၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
“ရန်သူစစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ရေးအရအရေးပါတဲ့တပ်စခန်းတွေကို တစ်ပြိုင် နက်တည်း ဆုံးရှုံးလိုက်ရတာရယ် စစ်မျက်နှာတွေများပြီး ချောင်ပိတ်ခံရတာတွေ သူရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်က အကျအများဆုံးဖြစ်လာတာကြောင့် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ လေကြောင်းပစ်ကူတာတွေကို ပိုမိုလုပ်လာတာတွေ့ရတဲ့အပြင် အရပ်သား ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်းသန်းပစ် ခတ်တာတွေပိုမိုလုပ်လာတာရှိတယ်။” ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ Operation 1027 မှ ထုတ်ပြန်ထား သည်။
ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသ၊ ရှောက်ကန်ထန်တွင်ရှိသည့်စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုင်ဝင်ဘာလ ၄ ရက်နေ့ အချိန် ၁၀နာရီဝန်ကျင်ချိန်မှာ ကိုးကန့်တပ်မတော် (MNDAA) မှ သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀ နာရီခွဲ့အချိန်တွင်လည်း ကိုးကန့်မြောက်ပိုင်း၊ ရှင်းဝမ်ဒေသ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန် ပေါက်ပေါက် တောင်ကုန်းတွင် အခြေချထားသည့် စစ်ကောင်စီတပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အပြင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရှောက်ကွမ်းလုံအမှတ် (၃) တပ်စခန်းကို MNDAA နှင့် AA တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နာရီဝန်းကျင်ကြာမြင့်ပြီးနောက် အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
လားရှိုးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများဖြစ်သည့် ဂျာယန်စခန်းနှင့် မိုင်းယန်းစခန်းကိုလည်း တအောင်းတပ်မတော်တပ်မဟာ (၆) စစ်ဒေသ၊ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ မိုးလိုတပ်စခန်း ကို မနေ့ နေ့လည် ၁၂နာရီကျော်ချိန်က တအောင်းတပ်မတော် တပ်မဟာ (၂) စစ်ဒေသက အပြီးသတ် သိမ်းပိုက်ခဲ့သလို တပ်စခန်းက စစ်သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို မနက် ၁၁ နာရီအချိန်တွင်လည်း တအောင်းတပ်မတော် တပ်မဟာ (၆) စစ်ဒေသ ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနှင့် ၄ ကြိမ် လာရောက်စစ်ကူပစ်ပေးခဲ့ပြီး ထို့တပ်စခန်းကို ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချပေးရာ တ‌အာင်းတပ်မတော်မှ လက်နက်ခဲယမ်းသေတ္တာများကို ကြားဖြတ်ရယူနိုင်ခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို မနေ နေ့လည် ၁၂နာရီ အချိန်တွင် TNLA တပ်မဟာ (၂) စစ်ဒေသကလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က Mi-35 နဲ့ ၂ကြိမ်တိုင်တိုင် ပြန်လည် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုအပြင် ရှမ်းမြောက်ညီနောင်မဟာမိတ် ၃ဖွဲ့မှလည်း ၄င်းတို့ အဖွဲ့မှ ဖမ်းဆီးထားသာ စစ်သုံ့ပန်းများ၊ လက်နက်ချအလင်းဝင်လာသူ မည်သူမဆို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထားမည်ဖြစ်ကြောင်းပြောဆိုထားသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး စတင်စဉ်ကာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ ဌာနဆိုင်ရာများသည် လက်နက်ချအလင်းဝင်လာသူ ပိုများပြားလာသလို ထွက်ပြေးကြသူများလည်း သိသိသာသာ များပြားလာသည်ဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *