ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၀၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပိတ်ဆို့ထားသောကြောင့် ဒေသခံများအတွက် အခက်အခဲပိုများလာရကြောင့် နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ပြည်ထောင်စုလမ်းမကြီးပိတ်ထားသဖြင့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်ရေး၊ ရောင်းဝယ်တင်ပို့ရေး သွားလာမရသောကြောင့် ဒေသခံများ အခက်အခဲပိုကြုံတွေ့ ရင်ဆိုင်နေရကြောင်း ဆိုသည်။
“ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး အခက်အခဲတွေကြုံတွေ့နေကြတယ်။ တချို့သူတွေက ကြက်ဥဈေးကြီးလွန်းလို့ မဝယ်စားနိုင်တဲ့ လူလတ်တန်းစားတွေအများကြီးပဲ၊ တချို့နေရာဆိုရင် ခရမ်းချဉ်သီးလုံးဝမရှိတော့ဘူး” ဟု နန်းခမ်းမြို့ခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုအချိန်တွင် ကုန်စည်များပြတ်လတ်နေပြီး ငွေရှိသော်လည်း အစားသောက်ပြတ်လပ်​နေတော့ ဘာမှလုပ်လို့မရကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
ပြည်ထောင်စုလမ်းမကြီးသည် စစ်ရေးအရ မဖြစ်မနေပိတ်ထားရသည့် လမ်းကြောင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လိုက်နာရန် လိုအပ်ကြောင်း MNDAA တာဝန်ရှိသူက ပြောဆိုသည်။
MNDAA ပြောခွင့်ရှိသူ လီကျာဝင်း ခေါ် ကိုရန်နိုင်က ” စစ်ရေးအရ မဖြစ်မနေ ပိတ်ထားရတဲ့ လမ်းကြောင်းဖြစ်တယ်။ သွားသွားလာလာပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ကျွန်တော်တို့အသိပေးထုတ်ပြန်ကြေညာချက်ကိုလည်း လေးစားဖို့လိုက်နာဖို့ ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်”ဟု ခမ်းသား ငေါဝ်းကို ပြောသည်။
လက်ရှိစစ်ရေးတင်းကြပ်နေသည့် အခြေအနေမျိုးမှာ လွဲချော်မှု တစ်စုံတစ်ရာဖြစ်မည်ကိုစိုးရိမ်ရကြောင်းလည်း ၎င်းက ဆက်ပြောထားသည်။
ယခုအခါ လမ်းမကြီးပိတ်ဆို့ထားမှု နှစ်ပတ်နီးပါးရှိပြီဖြစ်ပြီး မဖြစ်မနေသွားလာရန်လိုအပ်ပါက မူဆယ် -နမ့်ခမ်းပြည်သူလူထုများအနေဖြင့် နမ့်ခမ်း-မိုင်းဝီး၊ မိုင်းဝီး-မန်တုံ၊မန်တုံ-နမ္မတူ တောလမ်းဘက်ကိုသွားလာနေကြရကြောင်း သိရသည်။
“တချို့က တောလမ်းဘက်သွားနေကြပါတယ်၊ ဒါပေမဲ့ တိုက်ပွဲက မိုင်းဝီးတစ်ကျော ဖြစ်နိုင်ခြေရှိတယ်။ အဲ့ဘက်လည်း လမ်းအခြေနေ သိပ်အဆင်မပြေဘူး။ လမ်းသွားလမ်းလာ လုံခြုံမှုမရှိဘူး။ ဘယ်သွားသွားပြည်သူတွေအနေနဲ့တော့ တစ်ကျောမလုံဘူး”ဟု ဒေသခံအမျိုးသမီးက ပြောဆိုသည်။
တိုင်းပြည်အတွက် စစ်အာဏရှင်ကို အမြစ်ပြတ်ခြေမှုန်းနေသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများကို ဒေသခံပြည်သူများအနေဖြင့် ဂုဏ်ယူကြောင်း ဒေသခံများက ပြောဆိသည်။

Leave a Reply

Your email address will not be published. Required fields are marked *