ခမ်းသားငေါဝ်း
နိုဝင်ဘာ ၈၊၂၀၂၃
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဖမ်းဆီးထားသော SSPP ၏တိုက်နယ်မှူးစိုင်းမောင်အောင်အား ရပ်မိရပ်ဖထံပြန်လည်အပ်နှံပြီဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့နိုဝင်ဘာ ၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပါသည်။
မူဆယ်မြို့နှင့် နမ့်ခမ်းမြို့နယ် ဆက်သွယ်ထားသည့်ကားလမ်းမကြီးအား TNLAက တာဝန်ယူထားပြီး TNLA ၏မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာနှင့် မန်ဖာရွာလုံခြုံရေးစခန်းတို့ကို SSPP မှ နိုဝင်ဘာလ(၆)ရက်နေ့တွင် ဓါတ်ပုံမှတ်တမ်းများလာ‌ရောက်ရိုက်ကူးခဲ့ကြောင်း ဖော်ပြထားပါသည်။
SSPP မှ ရိုက်ထားသောမှတ်တမ်းပုံများကို TNLA ဘက်မှ ပယ်ဖျက်စေပြီး နောင်တွင် ထိုသို့မပြုလုပ်ရန်သတိပေးခဲ့သော်လည်း၊ နိုဝင်ဘာလ (၇) ရက်နေ့မနက်ပိုင်း၌ SSPP ၏တိုက်နယ်မှူးဖြစ်သူ စိုင်းမောင်အောင်မှ ၎င်းလုံခြုံရေးစခန်း၏ နေရာချထားမှုများကို ထပ်မံပြီးဓါတ်ပုံမှတ်တမ်းများရိုက်ကူးခဲ့သည်ဟု ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ TNLAမှ ကြောင်းရင်းအားသိရှိနိုင်ရန် စိုင်းမောင်အောင်အား ခဏတာခေါ်ယူမေးမြန်းစဉ် SSPP မှစိုင်းလင်းနှင့်အဖွဲ့သားများရောက်လာပြီး SSPP ဘက်မှ စတင်ပစ်ခတ်သောကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
ထိုပစ်ခတ်မှုတွင် TNLAမှ တပ်ဖွဲ့ဝင်(၄)ဦးဆုံးရှုံးခဲ့ပြီး (၂)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သလို SSPP ဘက်လည်း တပ်ဖွဲ့ဝင်(၄)ဦးကျဆုံးပြီး၊ (၂)ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။
အဆိုပါပြဿနာကိစ္စကို မကြီးထွားစေလိုသောကြောင့် နှစ်ဖက်ခေါင်းဆောင်များ ထိန်းညှိထိန်းသိမ်းကာ နှစ်ဖက်မဟာမိတ်ရေးရာရုံး၌ ဖြေရှင်းသွားမည်ဖြစ်ပြီး၊ စိုင်းမောင်အောင်ကိုလည်း ရပ်မိရပ်ဖထံ အပ်နှံပေးပြီဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *